တရုတ်(တိုင်ပေ)နှင့် ကုန်သွယ်ရေး စာချုပ်ချုပ်မည့် အမေရိကန်ကို တရုတ် သတိပေး

တရုတ်နိုင်ငံကိုဆန့်ကျင်ကာ တရုတ် (တိုင်ပေ)နှင့် ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် လုပ်ဆောင်နေသည့် အမေရိကန် ကို  တရုတ်အစိုးရက ဇွန် ၈ ရက်တွင် သတိ ပေးလိုက်ကြောင်း သိရသည်။

တရုတ်(တိုင်ပေ)နှင့် လုပ်ဆောင်မည့် မည်သည့် ဖလှယ်မှုမျိုးကိုမဆို ရပ်တန့်ရန်၊ တရုတ်(တိုင်ပေ)အရေးကို သတိရှိရှိ ကိုင်တွယ်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၈ ရက်တွင် ပြောသည်။

တရုတ်(တိုင်ပေ)နှင့်  ကုန်သွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် ညှိနှိုင်း ဆွေးနွေးမှုများ စတင် လုပ်ဆောင်မည်ဟု အမေရိကန် ကပြောပြီးနောက် တရုတ်အစိုးရ၏ သတိ ပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇွန် ၇ ရက်တွင်ပြုလုပ်သည့် အမေရိကန် လွှတ်တော် အစည်းအဝေး၌  တရုတ် (တိုင်ပေ)နှင့် ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ စတင်ရန် ဆွေးနွေးကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး  အန်တိုနီဘလင်ကန်က ပြော သည်။

တရုတ်(တိုင်ပေ)သည် တရုတ်နိုင်ငံ၏ နယ်မြေတစ်ခုသာဖြစ်သောကြောင့် ၎င်းကို လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုရန် လုပ်ဆောင်နေသည့် မည်သည့် သံတမန် ကြိုးပမ်းမှုမျိုးကိုမဆို တရုတ်အစိုးရက အမျက်ထွက်ခြင်းဖြစ်သည်။

အမေရိကန်လွှတ်တော် အမတ်များက ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် တရုတ် (တိုင်ပေ)သို့ သွားရောက်ပြီး ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး အလုံးပေါင်း ၇ သိန်းခွဲ လှူဒါန်းမည်ဟု   ကြေညာထားသည်။

ထိုခရီးစဉ်နှင့် ပတ်သက်၍လည်း  တရုတ် လူမှုကွန်ရက်တွင် ဒေါသတကြီး ပြောဆိုနေမှုများ ရှိကြောင်း သိရသည်။