တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၁၀၀၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွား၊ ၂၅ ဦးသေဆုံး

တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၁၀၀၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွား၊ ၂၅ ဦးသေဆုံး

ပေကျင်း၊ သဘာဝဘေး

တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၁၀၀၀ အတွင်း  အဆိုးရွားဆုံး မိုးရွာသွန်းပြီးနောက် ရေကြီးမှုများဖြစ်ပွားရာနိုင်ငံအလယ်ပိုင်း ဟေနန်ပြည်နယ်၌  ဇူလိုင် ၂၁ ရက်တွင် အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရသည်။မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်   ပြည်နယ်မြို့တော်ကျန့်ကျိုးမြို့ရှိ လမ်းမများထက်တွင် လူတစ်ဦးခါးလယ်အထက်ထိ   ရေများမြင့်တက်ခဲ့သည့်အပြင်မြို့အတွင်းရှိ မြေအောက်ဘူတာရုံများအတွင်းသို့လည်း  ရေများဝင်ရောက်ခဲ့ကြောင်း မီဒီယာများကဖော်ပြသည်။

ထို့ပြင် မြို့တော်အာဏာပိုင်များက မြို့အတွင်းပြေးဆွဲနေသည့်ဘတ်စကားဝန်ဆောင်မှုများကို  ရပ်ဆိုင်းပစ်ခဲ့ရကြောင်း၊ ရေများဝင်နေသည့်  မြေအောက်ဘူတာရုံများအတွင်း ပိတ်မိနေသည့် လူ ၅၀၀ ကျော်ကို အာဏာပိုင်များက  ကယ်ဆယ်ခဲ့ရကြောင်း  မြို့တော်အာဏာပိုင်အဖွဲ့ကထုတ်ပြန်သည်။  ကျန့်ကျိုးမြို့သည်  မြို့တော်ပေကျင်း၏ အနောက်တောင်ဘက်  ၆၅၀ ကီလိုမီတာအကွာတွင်တည်ရှိပြီး လူဦးရေ ၁၂ သန်းခန့်နေထိုင်လျက်ရှိသောမြို့ဖြစ်သည်။ အဆိုပါမြို့သည် မြစ်ဝါမြစ်ကမ်းနဖူးပေါ်တွင်တည်ရှိပြီး ရေကြီးမှုကြောင့် ပြည်နယ်အတွင်းရှိ ရေကာတာတစ်ခုမှာ ကျိုးပေါက်သွားသောကြောင့် အာဏာပိုင်များက ဒေသခံထောင်ပေါင်းများစွာကိုဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ကျန့်ကျိုးပြည်နယ်တွင် ဇူလိုင် ၁၆ ရက်မှ မိုးစတင်ရွာသွန်းခြင်းဖြစ်ပြီး    ပြည်နယ်အာဏာပိုင်များကလက်ရှိအချိန်အထိ ဒေသခံပြည်သူ ၁၆၄၇၁၀ ဦးကိုဘေးလွတ်ရာသို့  ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်းဟေနန်ပြည်နယ်ကယ်ဆယ်ရေးဌာနချုပ်မှ ညွှန်ကြားရေးမှူး ရှုကျုန်းကပြောသည်။