တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်သန်း ထပ်မံရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်သန်း ထပ်မံရောက်ရှိ

နေပြည်တော်၊ ဩဂုတ် - ၈
    
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂ သန်းအနက် ဒုတိယအသုတ်အဖြစ် တင်ဆောင်လာသော ကာကွယ် ဆေး ၁ သန်းသည် Air China လေယာဉ်ဖြင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ အဆိုပါကာကွယ်ဆေးများကိုကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ ထွန်းမင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လက်ခံရယူကြသည်။
    
အဆိုပါကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူဦးရေ၊ ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ပြည်သူ့ ဆေးရုံနှင့် ကာကွယ်ဆေးထိုး စုရပ်များတွင် National  Development Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။