တရုတ်အစိုးရက တစ်အိမ်ထောင်လျှင် ကလေးသုံးယောက်ယူရမည့်မူဝါဒချမှတ်

ပေကျင်း၊ ပြည်တွင်းရေး

ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၌ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာသည်ကို မကြာသေးမီ ကထုတ်ပြန်သည့် အချက်အလက်များတွင် တွေ့ရှိရသည့်အတွက် အစိုးရက တစ်အိမ်ထောင်လျှင်ကလေး သုံးယောက်ယူရမည့် မူဝါဒကို မေ ၃၁ ရက်တွင် ချမှတ်လိုက်သည်။ တရုတ်နိုင်ငံသည် တစ်အိမ်ထောင်လျှင် ကလေးတစ်ယောက်သာယူရမည်ဟူသော ဆယ်စုနှစ်ပေါင်းများစွာကြာမူဝါဒကို ၂၀၁၆ ခုနှစ် တွင်ဖျက်သိမ်းကာ တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်ယူရမည့် မူဝါဒကိုချ မှတ်သည်။

သို့သော် ကလေးငယ်များကိုပြုစု ပျိုးထောင်ရသည့်စရိတ်များ မြင့်တက်လာခြင်းကြောင့် အဆိုပါမူဝါဒမှာထင်သလောက် အလုပ် မဖြစ်သည်ကိုတွေ့ရသည်။ ယခုချမှတ်သည့်မူဝါဒတွင် အစိုးရကထောက်ပံ့ပေးမည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထိုအစီအစဉ်များသည် နိုင်ငံ၏လူဦးရေတိုးတက်မှု၊ သက်ကြီးရွယ်အိုဦးရေကိုလွှမ်းခြုံနိုင်သည့် လူငယ်များ တိုးပွားလာမှုတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင် ဦးဆောင်သည့် ပေါ်လစ်ဗျူရိုအစည်းအဝေးပြီးနောက် နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြထားသည်။

ထိုအစီအစဉ်များတွင် အစိုးရက မိသားစုများအတွက် ပညာရေးကုန်ကျစရိတ်များကို လျှော့ချပေးခြင်း၊ အခွန်ကိုပိုမိုကောက်ခံကာ အိမ်ရာဆောက်လုပ်ပေးခြင်း၊ အလုပ်လုပ်နေသော အမျိုးသမီးများ၏ တရားဥပဒေနှင့်အညီဖြစ်သော ရပိုင်ခွင့်များကို အာမခံပေးခြင်း နှင့် သတို့သမီးက သတို့သားဘက်သို့အတွင်း ပစ္စည်းပေးရမှုကို ဥပဒေပြဋ္ဌာန်းပြီးနှိပ်ကွပ် ခြင်းတို့ပါဝင်သည်။

ထို့ပြင်လူငယ်များကို “လက်ထပ်ခြင်းနှင့်အချစ်ရေး” အကြောင်းအရာနှင့်ပတ်သက်၍လည်း အသိပညာပေးသွားမည်ဖြစ်ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ကလေးမွေးဖွားမှုနှုန်းမှာ အမျိုးသမီးတစ်ဦးလျှင် ကလေး ၁ ဒသမ ၃ ဦးသာရှိပြီး မြင့်မားလာသည့် သက်ကြီးရွယ်အိုအရေအတွက်ကိုလွှမ်းခြုံနိုင်ရေးအတွက် အကြမ်းဖျင်းအားဖြင့် အမျိုးသမီးတစ်ဦးလျှင် ကလေး ၂ ဒသမ ၁ ဦး မွေးဖွားပေးရန် လိုအပ်ကြောင်း သိရသည်။             

Ref: TST