တရုတ်၌ ကာကွယ်ဆေးနှင့် ဆက်နွှယ်သည့်ပြစ်မှုများကို ထိထိရောက်ရောက်နှိမ်နင်း

ရှန်ဟိုင်း၊ ပြည်တွင်းရေး

တရုတ်အစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ဖြန့်ဝေခြင်း၊ တရား မဝင်ကာကွယ်ဆေး ထိုးပေးခြင်း၊  ကာကွယ် ဆေးဈေးနှုန်းဖျက်ခြင်း  စသည့်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ လူဒါဇင်ပေါင်းများစွာကို  ဖမ်းဆီးကာ ကာကွယ်ဆေးနှင့်ဆက်နွှယ် သည့်ပြစ်မှုများကို  ထိထိရောက်ရောက် အရေးယူနှိမ်နင်းနေကြောင်း Xinhua သတင်းဌာနက ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖော်ပြသည်။

အာဏာပိုင်များသည် ဖေဖော်ဝါရီ ၁၀  ရက်တွင်ကာကွယ်ဆေးနှင့်ဆက်နွှယ်သော ပြစ်မှု ၂၁ ခုတွင်ကျူးလွန်ခဲ့ သည်ဟု သံသယ ရှိသူအယောက် ၇၀ ကို ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။

ဖမ်းဆီးခံရသူများအနက်အဖွဲ့တစ်ဖွဲ့မှာ ဆားငန်ရည်ကိုအသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဟုဆိုကာ ကာကွယ် ဆေးအတုအလုံးပေါင်း ၅၈၀၀၀ ရောင်းချ ထားသောအဖွဲ့ဖြစ်သည်။

ထိုအဖွဲ့သည် ကာကွယ်ဆေးအတုရောင်းချမှုမှ အမြတ်ငွေ ယွမ် ၁၈ သန်းရရှိထားကြောင်းနှင့် ထိုအဖွဲ့ခေါင်း ဆောင်ကို ခရစ္စမတ်နေ့တွင် ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း Xinhua သတင်းဌာနက ဖော်ပြသည်။

အခြားပြစ်မှုများတွင် ကာကွယ်ဆေးအတုများကိုဈေးတင်၍ရောင်းချခြင်း၊ ဆေးရုံ၌ အရေးပေါ်ကာကွယ်ဆေး ထိုးခြင်း အစီအစဉ်များတွင် တရားမဝင်ပါဝင်ခြင်းနှင့် ပြည်ပနိုင်ငံများမှ ကာကွယ်ဆေးတရားမဝင် ခိုးသွင်း ခြင်းတို့ပါဝင်သည်။

ထိုကဲ့သို့သော ကာကွယ်ဆေးနှင့်ဆက် နွှယ်သည့်ပြစ်မှုများကို ထိန်းချုပ်နိုင်ရေး အတွက် ဒေသတွင်း တာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ပေးရန် တရုတ်အစိုးရရှေ့နေချုပ်ရုံးက တိုက်တွန်း ထားသည်။

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး၌ ရှေ့ဆုံး မှပါဝင် ဆောင်ရွက်နေသူ များကို ကာကွယ် ဆေးအလုံးပေါင်း ၄၀ ဒသမ ၅၂ သန်း ထိုးပေးထားပြီးဖြစ်သည်။ တရုတ်အစိုးရသည် ကပ်ရောဂါဆိုးကို ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်ခြင်း၊ ရောဂါရှိ၊ မရှိစစ်ဆေးခြင်းနှင့် ရောဂါရှိသူများနှင့်ထိတွေ့သူများကို ခြေရာခံခြင်း အစရှိသည့်ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ထားနိုင်သည်ဟု သိရသည်။         

Ref: TST