တာလီဘန်တို့အနေဖြင့် အစိုးရတပ်ဖွဲ့ထံမှတစ်ဆင့် အာဏာကိုသိမ်းပိုက်ရန်ကြိုးစားခြင်းက ထင်သလိုဖြစ်လာမည်မဟုတ်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြော

နယူးယောက်၊ နိုင်ငံရေး

လက်ရှိအချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏အခြေအနေသည် ထိန်းမနိုင်သိမ်းမရဖြစ်သည့်အခြေအနေသို့ရောက်ရှိနေပြီ ဖြစ်ပြီး တာလီဘန်တို့ အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် အစိုးရတပ်ဖွဲ့ထံမှတစ်ဆင့် အာဏာကို သိမ်းပိုက်ရန် ကြိုးစားခြင်းက ထင်သလိုဖြစ်လာမည်မဟုတ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က ပြောသည်။

ထို့ပြင် တာလီဘန်တို့၏တိုက်ခိုက်မှုသည် ပြည်တွင်းစစ်ကိုသာရှည်ကြာစေမည်ဖြစ်ကြောင်းနှင့် အာဖဂန်နစ္စတန်နိုင်ငံ အနေဖြင့် ကမ္ဘာ့အလယ်တွင်သီးခြားရပ်တည်နေရမည်ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်က ဆက်ပြောသည်။

တာလီဘန်တို့အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားရာနယ်မြေများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆိုးဆိုးဝါးဝါး ကျူးလွန်နေ ကြောင်း အထူးသဖြင့် အမျိုးသမီးများနှင့်သတင်းထောက်များကိုပစ်မှတ်ထားလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကြားသိရသည့်အတွက် လွန်စွာစိုးရိမ်ပူပန်ရကြောင်း ၎င်းကဆက်ပြောသည်။

ထိုအခြေအနေများကို ကျော်လွှားနိုင်ရေးအတွက် အာဖဂန်နစ္စတန်အစိုးရဦးဆောင်သော နိုင်ငံရေးဆွေးနွေးမှုများကသာ ငြိမ်းချမ်းရေးကို ရရှိစေမည်ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့်လည်း လိုအပ်သည်များကိုပံ့ပိုးကူညီသွားရန် စိတ်ဆုံးဖြတ်ထား ကြောင်း အန်တိုနီယိုဂူတားရက်က ပြောသည်။

တာလီဘန်တို့နှင့် အာဖဂန်နစ္စတန် အစိုးရတပ်ဖွဲ့တို့ကြား ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် ကြီးစွာသောဆုံးရှုံးမှု များဖြစ်ပွား နေကြောင်း၊ အနည်းဆုံး လူဦးရေနှစ်သိန်းခွဲမှာ နေရပ်စွန့်ခွာထွက်ပြေးရပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများမှာ အချိန်နှင့်အမျှလိုအပ်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောထားသည်။

တာလီဘန်အဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ ဒုတိယအကြီးဆုံးနှင့်တတိယအကြီးဆုံးမြို့များဖြစ်သော ဟီရတ်နှင့် ကန်ဒါဟာမြို့များ ကိုပါသိမ်းပိုက်ထားနိုင်ပြီး ယခုအခါ နိုင်ငံ၏မြို့တော်ဖြစ်သော ကဘူးမြို့သို့ချဉ်းကပ်လာနေပြီဖြစ်သည်။

အဆိုပါအဖွဲ့အနေဖြင့် မြေပြင်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တစ်ဟုန်ထိုးလုပ်ဆောင်လာသည့်အတွက် နိုင်ငံ၏ ပိုင်နက်နယ်မြေ ၆၀ ရာခိုင်နှုန်းအထိ သိမ်းပိုက်ထားနိုင်ပြီဟု သတင်းဌာနအချို့ထုတ်ပြန်ထားသည်။            

Ref: The Hindu