တာလီဘန်များက AK-47 များကို အမေရိကန်ထုတ် ရိုင်ဖယ်များနှင့် လဲလှယ်နေ

တာလီဘန်များက AK-47 များကို အမေရိကန်ထုတ် ရိုင်ဖယ်များနှင့် လဲလှယ်နေ

အာဖဂန်နစ္စတန်နိုင်ငံ၌ အစိုးရပြိုလဲကာ တာလီဘန်အဖွဲ့က အာဏာရရှိပြီးနောက် ထိုအဖွဲ့မှစစ်သွေးကြွများသည် နာမည်ကျော် AK-47  သေနတ်များကို သိမ်းပိုက်ရရှိသောအမေရိကန်ရိုင်ဖယ်များနှင့် လဲလှယ်နေကြောင်း သိရသည်။

တွစ်တာစာမျက်နှာတွင် တာလီဘန်တို့ ဖော်ပြထားသော ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများအရ ၎င်းတို့သည် အာဖဂန်တပ်မတော်က စွန့်ပစ်ထားသော M4ကာဘိုင်များနှင့် M16 ရိုင်ဖယ်များကို သယ်ယူနေပြီး အချို့ မှာစွန့်ပစ်ထားသော အစိုးရပိုင်ယာဉ်များကို သိမ်းယူနေသည်ကိုတွေ့ရသည်။

အမေရိကန်သေနတ်များသည် ခေတ်ဟောင်း AK-47 များထက် ပိုမိုတိကျပြီး အကွာအဝေး   ပိုမိုရောက်ရှိသော်လည်း စစ်မြေပြင်တွင် ၎င်းတို့ချည်းသက်သက်ဖြင့်ထူးခြားသော စွမ်းဆောင်ရည် ပေးနိုင်ခြင်း မရှိပေ။

ထိုလက်နက်များအနက် အချို့သည် ပြိုင်ဘက်စစ်နယ်ရှင်များကို ခြိမ်းခြောက်ရန် အသုံးဝင်နိုင်သော်လည်း လက်ရှိကိုင်ဆောင်ထားသော လက်နက်များဖြင့်ပင် ထိုသို့သောခြိမ်းခြောက်မှုများကို လုပ်နိုင်ကြောင်း အမေရိကန်မရိန်းတပ်ဖွဲ့မှ အငြိမ်းစား ဗိုလ်မှူးကြီးဂရန့်နယူးရှမ်းကပြောသည်။

တာလီဘန်များ အနေဖြင့် နှစ်ပေါင်း ၂ဝ ကျော် ကာလအတွင်း အမေရိကန်အစိုး၏ ဒေါ်လာဘီလီယံပေါင်းများစွာ ထောက်ပံ့မှုရရှိထားသော     အာဖဂန်တပ်မတော်မှ လက်နက်များကို ကိုင်ဆောင်ပြခြင်းသည် စစ်သွေးကြွများအတွက်  ဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု ၎င်းကဆိုသည်။

အာဖဂန်နစ္စတန်ရှိ AK-47သေနတ်များအနက် အများအပြားသည် ပုံတူကူးချထားသည့် လက်နက်များသာဖြစ်သော်လည်း အချို့မှာ အာဖဂန်နစ္စတန်ကို ၁ဝ နှစ်ကြာ သိမ်းပိုက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ထွက်ခွာသွားသည့် ဆိုဗီယက်ပြည်ထောင်စု ကျန်လက်နက်များဖြစ်သည်။

လက်ရှိတွင် တာလီဘန်တို့ အနေဖြင့် အမေရိကန် သေနတ်များကို နှစ်ပေါင်းများစွာကြာ အသုံးပြုနိုင်ဦးမည်ဖြစ်ပြီး ထိုသေနတ်များတွင် ထည့်သွင်းအသုံးပြုရသည့် ၅ ဒသမ ၅၆ ကျည်ဆန်များကို ဖောဖောသီသီ ရရှိနိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။