တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ ဩဂုတ်- ၇
    

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

    ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နှင့် သီပေါမြို့အတွင်းရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၇၀ ဦးအား လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နှင့် ကလောမြို့တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ နှင့် ဒေသခံပြည်သူ ၂၆၄၁ ဦးအား လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်ပေါင်း ၅ မြို့နယ်မှ  သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ နှင့်ပြည်သူစုစုပေါင်း ၁၅၀၈ ဦးအား လည်းကောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်တို့မှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၂၂၃၄၀ ဦးတို့အား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ မြို့နယ်ပေါင်း ၆ မြို့နယ်မှ အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၈၀၀ ဦးတို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄ မြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာများနှင့်  ဒေသခံပြည်သူများ စုစုပေါင်း ၈၀၀ ဦးတို့အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက်သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် အကျဉ်းသား၊ အကျဉ်းသား စုစုပေါင်း ၁၁၅၆၄ ဦးတို့အား လည်းကောင်း၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၉၆၆၆ ဦးတို့ အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၅ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၇၁၄ ဦး တို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဏိရတနာရာမမြတောင်ကျောင်းတိုက်၊ သမ္မတစာချကျောင်း ဆရာတော် ဘဒ္ဒန္တ အင်္ကုရ အမှူးပြုသည့် သံဃာတော် ၉၆ ပါးနှင့် အောင်မြေသာစံမြို့နယ် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မှ သံဃာတော် ၅၀ ပါး အပါအဝင် မန္တလေး တိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုရှိ မြို့နယ်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် တိုင်းရင်းသား ပြည်သူစုစုပေါင်း ၁၀၀၃၆ ဦးတို့အား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခုနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၃၀၇၈၅ ဦးတို့အား လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။    
    ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။