တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ စက်တင်ဘာ - ၁၈

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည်  အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက်(၅၅)နှစ် အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင်ရှိသူများစသည့်  ဦးတည်အုပ်စု (၁၆)စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိသည်။ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ၈ မြို့နယ်၌ ၆၄၉၈ ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၁၆၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ၃၂၄၁၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် (၆)မြို့နယ်တို့၌ ၆၁၉၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်(၃)မြို့နယ်တို့၌ ၂၆၇၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၄) မြို့နယ်တို့၌ ၉၇၇၀ ဦး၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများ၌ ဘင်္ဂါလီလူမျိုး ၇၈ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တို့၌ ၆၁၈၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌ ၃၄၃ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့၌ ၁၀၁၅၄ ဦးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တို့၌ ၁၀၃၀၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။