တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ စက်တင်ဘာ - ၂၆
    
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက်(၅၅)နှစ် အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင်ရှိပြည်သူများစသည့်  ဦးတည်အုပ်စု (၁၆)စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေး လျက်ရှိသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့တို့၌ ၂၇၀ ဦး၊  ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ၁၅၇၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့နယ်၌ ၉၁၉ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်တို့၌ ၁၅၀၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၅)မြို့နယ်တို့၌ ၁၁၂၄၁ ဦး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေး စခန်းများမှ ဘင်္ဂါလီလူမျိုး ၂၈၄ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၁၁) မြို့နယ်တို့၌ ၁၇၁၆၄ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့၌ ၈၃၅၂ ဦးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၅) မြို့နယ်တို့၌ ၅၆၅၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
    
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။