တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

နေပြည်တော်၊ ဩဂုတ်-၂၉

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများကိုတပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက် အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိတိုးချဲ့ကာကွယ်ဆေးသိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ကာကွယ် ဆေးအလုံးရေ ၅၀၄၅ လုံး၊ စစ်တွေမြို့သို့ ၁၃၂၀၅ လုံး၊ ပလက်ဝမြို့သို့ ၆၄၉ လုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ ၅၆၇၈ လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ၄၀၉၂ လုံးနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ၇၉၁၂ လုံးတို့ကို တပ်မတော်လေယာဉ်များဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ သို့ ကာကွယ်ဆေးအလုံးရေ ၃၈၅၉၂ လုံး၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ၉၂၉၈ လုံး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ၁၂၂၁၈ လုံး၊ ရန်ကုန်မြို့သို့ ၅၅၅၇၆ လုံးနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၂၃၈၇၈ လုံးတို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့်လည်းကောင်း ဆက်လက်ပေးပို့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူပြီးသက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

ယင်းသို့ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ကာကွယ်ဆေးများကိုဦးတည်အုပ်စု လူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခတ်ခဲသောဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏ အကူအညီများ ရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်း ရရှိသည်။