တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်ဖြန့်ဖြူး 

တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်ဖြန့်ဖြူး 

နေပြည်တော်၊ ဩဂုတ်-၃၀

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများကိုတပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိတိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများ အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ ဆေးအလုံးရေ ၃၉၄၀ လုံး၊ ထားဝယ်မြို့သို့ ၄၆၆၉ လုံး၊ ကော့သောင်းမြို့သို့ ၉၄၀ လုံး၊ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့ ၈၈ လုံး၊ မင်းတပ်မြို့သို့ ၃၃၄ လုံး၊ တီးတိန်မြို့သို့ ၅၆၈ လုံး၊ တွန်းဇံမြို့သို့ ၂၀၈ လုံး၊ ဟားခါးမြို့သို့ ၃၃၆ လုံး၊ ထန်တလန် မြို့သို့ ၃၂၆ လုံး၊ ဖလန်းမြို့သို့ ၃၂၆ လုံး၊ မတူပီမြို့သို့ ၃၆၃ လုံးနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ၁၄၀၀ လုံးတို့ကို တပ်မတော်လေယာဉ်များဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့သို့ ကာကွယ်ဆေးအလုံးရေ ၃၄၈၉၄ လုံး၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့သို့ ၄၇၃၂၄ လုံး၊ နေပြည်တော်ကောင်စီ နယ်မြေသို့ ၅၉၂၂ လုံး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့သို့ ၈၂၇၀ လုံး နှင့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့သို့ ၆၇၅၃ လုံးတို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့်လည်းကောင်း ဆက်လက်ပို့ဆောင် ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်သည်။
ယင်းသို့ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ကာကွယ်ဆေးများကိုဦးတည်အုပ်စု လူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏ အကူအညီများ ရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်း ရရှိသည်။