တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၉

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင်အိုး အလုံး ၅၀ နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုးအလုံး ၄၀ လုံး တို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး၊ မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံ၊ နမ့်လန်ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံနှင့် သီပေါမြို့ပြည်သူ့ဆေးရုံ များသို့ အောက်ဆီဂျင်အိုး ၅၅ လုံးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများနှင့် Corner Stone ကုမ္ပဏီမှ တာဝန်ရှိသူများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး(ကုတင်-၅၀၀)နှင့် လပွတ္တာမြို့၊ (၃)မိုင်မြို့သစ်ရှိ (ခုတင်-၂၀၀)ဆေးရုံကြီးသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် အလှူရှင်များက အောက်ဆီဂျင်အိုး ၈၆ လုံးအား လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင်အိုး ၅ လုံး၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၆၀ လုံး၊ သံတွဲမြို့ ပြည်သူ့ ဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၀ လုံးနှင့် ဂွမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင်အိုး ၁၀ လုံးတို့ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုး ၄၀ လုံး ကိုလည်းကောင်း အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ် ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း၌ အောက်ဆီဂျင်စက်နေရာချထားမှုနှင့် စက်တပ်ဆင်နေမှုများနှင့် Corner Stone ကုမ္ပဏီပိုင် စက်မှုသုံးအောက်ဆီဂျင်စက်ရုံအစား ကျန်းမာရေးသုံးအောက်ဆီဂျင်စက်ရုံ အဖြစ် ပြောင်းလဲပြုပြင်တပ်ဆင်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းအပြင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ အောက်ဆီဂျင် စက်ရုံမှ (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုး ၅၀ လုံးကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်းနှင့် ဇူလိုင် ၉ ရက်မှယနေ့အထိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ အောက်ဆီဂျင်စက်ရုံမှ (၄၀)လီတာဆန့် အောက်ဆီဂျင်အိုးကြီး ၅၈၅ လုံး၊ (၁၅)လီတာ ဆန့် အောက်ဆီဂျင်အိုး ၆၇ လုံးတို့ကို တပ်မတော်ဆေးရုံများ၊ သန်လျင်၊ ဒလ၊ တွံတေး၊ ခရမ်း၊ သုံးခွနှင့် ကျောက်တန်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကလူမှုရေးအသင်းအဖွဲ့များ၊ အခြားလူမှုရေးအဖွဲ့အစည်းများသို့ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက် လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာပစ္စည်း များကို တင်သွင်းခွင့်ပြုထားရာ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်း လာသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၉၉၅ လုံး၊ ၂၀ လီတာ ၂၀၀ လုံး၊ ၁၅ လီတာ ၁၅၀ လုံး၊ ၁၀ လီတာ ၃၀၀ လုံးနှင့် အောက်ဆီဂျင် Regulator ၇ စုံတို့သည့် ချင်းရွှေဟော် မြို့ရှိ နယ်စပ်ဂိတ်မှတစ်ဆင့် လည်းကောင်း၊ ပုဂ္ဂလိကကုမ္ပဏီမှ တင်သွင်းသော အောက်ဆီဂျင်စက် ၂ လုံးနှင့် ဆေးရုံသုံပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် ၂ စီးသည် လားရှိုးမြို့၊ မြို့တော်ခန်းမသို့လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင်အရည် ၅၇ တန်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ လည်းကောင်း အသီးသီးရောက်ရှိလာကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဆက်လက်ပို့ဆောင်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။