တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြား

နေပြည်တော်၊ ဇွန် - ၂

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။

ထို့ပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမ များက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်းများလုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိ သည်။