တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြားမှုများအား လိုက်လံကြည့်ရှု

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြားမှုများအား လိုက်လံကြည့်ရှု

နေပြည်တော်၊ နိုဝင်ဘာ - ၂

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်(၄၆)မြို့နယ်မှအပ ကျန်မြို့နယ်များအားလုံးမှ အခြေခံ ပညာဉီးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများအပါအဝင်) အား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုဝင်ဘာ ၁ ရက်မှစ၍ တည်ငြိမ်အေးချမ်းစွာ တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမ များက ကျောင်းသား၊ ကျောင်းသူ များ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းများလုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အလိုက် ကျောင်းအသီးသီးသို့ သွားရောက်ကြည့်ရှု၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။