တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အေးချမ်း တည်ငြိမ်စွာ ဖွင့်လှစ်သင်ကြား

နေပြည်တော်   ဇွန်   ၃

၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌  တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ  စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။

''ကျောင်းတက်ချိန်ကတော့ တစ်သုတ်တက်ပုံမှန် ကျောင်းဖြစ်ပါတယ်။ ကျောင်းဥပဓိရုပ် ကောင်းဖို့အတွက် နိုင်ငံတော်ကနေ ကျွန်မတို့    ကျောင်းမဖွင့်ခင် ကျောင်းတစ်ကျောင်းလုံးကို ဆေးအသစ် ထပ်သုတ်ထားပေးပါတယ်။ ကျောင်းအပ်နှံရေး သီတင်းပတ် ကျော်လွန်သွားပြီးဖြစ်သော်လည်း ကျောင်းအပ် လက်ခံပေးနေတယ်  ဆိုတာကတော့ ကျောင်းသားတွေ  ပညာသင်ယူခွင့် အခွင့်အရေးကို မဆုံးရှုံးစေလိုတဲ့ အတွက် လက်ခံပေးနေတာပါ။  အရင်နှစ်စဉ်နှစ်တိုင်းက  ကျောင်းသားဦးရေ ၉ဝဝ ကျော်ရှိပါတယ်။ အခု ကျောင်းအပ်ထားတဲ့ ကျောင်းသားဦးရေ ဒီနေ့အပါအဝင်ဆိုရင် ကျောင်းသားဦးရေ ၈ဝဝ ကျော် ရှိသွားပါပြီ။ တချို့ကျောင်းသားဟောင်း မိဘတွေက ကျောင်းကို လာမအပ်နှံသေးပေမယ့် ခရီးလွန်နေတဲ့အတွက် ကျောင်းအပ်လက်ခံဖို့ ဖုန်းနဲ့အကြောင်းကြား လာတာတွေလည်း ရှိပါတယ်။ ကျောင်းသားဦးရေ တိုးလာဖို့ရှိသလို တချို့အတန်းတွေမှာ  မျှော်မှန်းကျောင်းသား အင်အားထက်များနေတာ တွေ့ရတယ်''ဟု အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းမွန် ကပြောသည်။

ထို့ပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ၊ ဆရာမ များက   ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်းများ လုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု၍  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။