တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် ဩဂုတ် ၂၈

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ အတွက် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှ ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြသည်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသား စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူ များက ထာဝ ငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ စသည့်စာသားပါဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော် အလံငယ်များကိုင်ဆောင်၍လည်းကောင်း ကြိုဆိုခဲ့ကြသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်း ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်ခဲ့ပြီး၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပါတီစုံ ဒီမိုကရေစီ စနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဆက်လက်ကြိုးပမ်းကြရန် သဘောတူညီနိုင်ခဲ့ကြသည်။ ယခု ဒုတိယအကြိမ် လာရောက် ဆွေးနွေးရာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးလိုလားချက် နှင့် အနာဂတ်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထား ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင် ကန့်သတ်ချက် မထားဘဲ လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၂) တံတားသို့ ရောက်ရှိ လာရာ တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေး အဖွဲ့အစည်းများနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိုလိုလားထောက်ခံကြသည့် ဒေသခံတိုင်းရင်းသားများက “ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကို ထောက်ခံပါသည်၊ ထာဝရငြိမ်းချမ်းရေးသည် ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒအစစ် အမှန်ဖြစ်သည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထောက်ခံပါသည်” စသည့်စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တာချီလိတ်မြို့ ပြည်ထောင်စုလမ်းမကြီးမှ လေယာဉ်ကွင်းလမ်းအထိ လှိုက်လှိုက်လှဲလှဲဖြင့်ထောက်ခံ ကြိုဆို ခဲ့ကြသည်။
ထို့နောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့မှ ဗိုလ်ချုပ် ကြီး ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကျိုင်းတုံ လေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။