တိုးတက်ဝေမိသားစုအမည်ရှိ နေကာပါဝါမျက်မှန်ဆိုင်အား ဆူပူအကြမ်းဖက်သူလူတစ်စုက ဝင်ရောက်ဖျက်ဆီး၍ တန်ဖိုးကြီးမျက်မှန်များအား ယူဆောင်

တိုးတက်ဝေမိသားစုအမည်ရှိ နေကာပါဝါမျက်မှန်ဆိုင်အား ဆူပူအကြမ်းဖက်သူလူတစ်စုက ဝင်ရောက်ဖျက်ဆီး၍ တန်ဖိုးကြီးမျက်မှန်များအား ယူဆောင်

နေပြည်တော်၊ မတ် - ၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ တိုးတက်ဝေမိသားစုအမည်ရှိ နေကာပါဝါမျက်မှန်ဆိုင်အား ယနေ့နေ့လယ် ၂ နာရီခန့်တွင် ဒေးဝန်းအရှေ့ရပ်ကွက်တွင် နေထိုင်သည့် ဦးတင့်ဆွေ၊ လှကိုနှင့် မောင်မြင့်စိုး တို့ ဦးဆောင်သည့် ဆူပူအကြမ်းဖက်သူများက ဆိုင်အတွင်းသို့ ဝင်ရောက်ဖျက်ဆီးကာ၊ တန်ဖိုး ကြီးမျက်မှန်များအား ယူဆောင်သွားပြီး ဆိုင်အတွင်းရှိ မျက်မှန်ထည့်သည့် မှန်သေတ္တာများနှင့် အခြားပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေရာ ဆူပူအကြမ်းဖက်သူလူတစ်စုက ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။

အဆိုပါဆိုင်တွင် နေထိုင်သူ ပိုင်ရှင်ဖြစ်သည့် ဦးကျော်ကျော်ဝေနှင့် ဇနီး ဒေါ်မြင့်မြင့်သင်း တို့သည် ရပ်ကွက်အတွင်းရှိ ဆူပူအကြမ်းဖက်လိုသူများက လုံခြုံရေးတပ်ဖွဲ့ဝင် များအား သတင်းပေးဟု စွပ်စွဲကာ ခြိမ်းခြောက်ပြောဆိုမှုများကြောင့် အန္တရာယ်ပြုလာမည်ကို စိုးရိမ်၍ ၎င်းတို့ပိုင်ဆိုင်သည့်ဆိုင်အား ပိတ်သိမ်းကာ ဆွေမျိုးများရှိသည့်နေရာသို့ ခေတ္တ ရွှေ့ပြောင်းနေထိုင်ခဲ့ကြောင်း သိရှိရသည်။

ရပ်ကွက်အတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင်နေသူများကို ယခုကဲ့သို့ မင်းမဲ့စရိုက် ဆန်စွာ ပြုမှုဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူများအား တရားဥပဒေနှင့် အညီ အရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။