တုပ်ကွေးဗိုင်းရပ်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ပိုမိုဆိုးဝါးစေနိုင်

ဝူဟန်၊ ကျန်းမာရေး

တုပ်ကွေးဗိုင်းရပ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို   ပိုမိုဆိုးဝါးစေနိုင်ကြောင်း တရုတ်သိပ္ပံပညာရှင်များက ကလာပ်စည်းနှင့် ကြွက်များတွင် စမ်းသပ်မှုပြုလုပ်ပြီးနောက်  ထုတ်ပြန်သည်။

တရုတ်နိုင်ငံအလယ်ပိုင်း   ဝူဟန် တက္ကသိုလ်မှ သုတေသနပညာရှင်များက ထိုလေ့လာမှုကိုပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ  အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်နှစ်ခု၏ ပူးတွဲကူးစက်မှုနှင့်ပတ်သက်၍ လုပ်ဆောင်နေဆဲစမ်း သပ်မှု၏ ရလဒ်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။

လက်ရှိ ကိုဗစ်-၁၉ ရောဂါနှင့် ရာသီ တုပ်ကွေးရောဂါနှစ်မျိုးလုံး ကူးစက်ပါက ကျန်းမာရေးကိုကြီးမားစွာ ခြိမ်းခြောက်နိုင်စေကြောင်း ကျွမ်းကျင်ပညာရှင်အချို့က သတိပေးထားသည်။ သို့သော် တုပ်ကွေးဗိုင်းရပ် များနှင့်နိုဗယ်ကိုရိုနာဗိုင်းရပ်အကြား အပြန်အလှန်တုံ့ပြန်မှုနှင့်ပတ်သက်၍ ရှင်းရှင်း လင်းလင်းမသိရသေးပေ။

တုပ်ကွေးရောဂါ ကူးစက်ခံရမှုသည် လူသား၏ အသက်ရှူလမ်းကြောင်းရှိ ကလာပ်စည်းများနှင့် အဆုတ် တစ်သျှူးကလာပ်စည်းများတွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ဝင်ရောက်မှုနှင့်ပုံတူပွားမှုကို အဓိကတိုးမြင့်ပေးကြောင်း သုတေသနပညာရှင်များက တွေ့ရှိခြင်းဖြစ်သည်။

ထို့ပြင် တုပ်ကွေးရောဂါသည် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်ကြောင့်ဖြစ်သော ကိုယ်တွင်းအင်္ဂါပျက်စီးမှုကို  ပိုမိုဖြစ်ပွားစေပြီး ကြွက်များတွင် စမ်းသပ်ချက်အရ ပြင်းထန်သော အဆုတ်ပျက်စီးမှုကို  ဖြစ်ပွားစေကြောင်း သိရသည်။

ထိုဗိုင်းရပ်နှစ်မျိုးစလုံး ကူးစက်နိုင်ခြေရှိသူများကို တုပ်ကွေးရောဂါကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်မျိုး စလုံးထိုးပေးရန် သုတေသနပညာရှင်များ ကအကြံပြုထားသည်။         

Ref: TST