တောင်ကိုရီးယားအစိုးရက စီးပွားရေးလုပ်ငန်းငယ်များအတွက် လူစုလူဝေးကန့်သတ်ချက်ကို ဖြေလျှော့ပေးမည်

ဆိုး၊ ကျန်းမာရေး

တောင်ကိုရီးယားအစိုးရသည်   နိုင်ငံအတွင်းရှိ    စီးပွားရေးလုပ်ငန်းငယ်များအတွက် အထောက်အကူဖြစ်စေရန် လူစု လူဝေးမဖြစ်စေရေး ကန့်သတ်ချက်များကို ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။ အစိုးရ၏ကန့်သတ်ချက်များ ဖြေလျှော့ပေးရေးအစီအစဉ်တွင် နိုက်ကလပ်များ၊ ကော်ဖီဆိုင်များ၊ အားကစားခန်းမများနှင့် စားသောက်ဆိုင်များကို ပြန်ဖွင့်ရန်ခွင့်ပြုပေးထားသည်။

ထို့ပြင် စီးပွားရေး လုပ်ငန်းငယ်များအတွက် ၎င်းတို့အလုပ်လုပ်ချိန်နာရီကိုလည်း သတ်မှတ်ချိန်ထက် တိုးမြှင့်ပေး ထားသည်။ အစိုးရအနေဖြင့်  ဆိုးမြို့နှင့် ဂျောင်ဂျီပြည်နယ်တစ်ဝန်းတွင် အဆင့် ၂ ဒသမ ၅ ကန့်သတ်ချက် များချမှတ်ထားရာမှ အဆင့် ၂ သို့ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ချောင်ဆေးယွန်က ပြောသည်။

ကျန်ရှိသည့်တစ်နိုင်ငံလုံးတွင်မူ အဆင့် ၁ ဒသမ ၅ ကိုချမှတ်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အစိုးရ၏ ယခုကဲ့သို့လုပ်ဆောင်ချက်သည်  ပြည်သူများ၏ ခက်ခဲပင်ပန်းမှုကို ထည့်သွင်းစဉ်းစားသည့်အတွက် ကိုယ်ပိုင် လုပ်ငန်းရှင်များနှင့်လုပ်ငန်းငယ်များအတွက် လူစုလူဝေးကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

အလားတူ မြို့တော်ဧရိယာအတွင်းရှိဆိုင်များကို နံနက် ၉ နာရီနှင့် ၁၀ နာရီမတိုင်မီ ပြန်ဖွင့်ရန် ခွင့်ပြုပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်မှစ၍  ပိတ်ခဲ့ရသည့် အလှပြင်ဆိုင်များအပါအဝင် ဘားများ၊ နိုက်ကလပ်များနှင့် ကာရာအိုကေဆိုင်များကိုလည်း ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။

သို့သော် ဆိုင်ပြန်ဖွင့်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုလျှော့ချရေးအတွက် ချမှတ်ထားသည့် စည်းမျဉ်းများကို ဆက်လက်လိုက်နာရမည်ဖြစ်ကြောင်းသိရသည်။                    

Ref: TST