တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသည့်လုပ်ရပ်ဟု မြောက်ကိုရီးယားပြော

ဆိုး၊ စစ်ရေး

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၀ ရက်တွင် ပြောသည်။

တောင်ကိုရီးယားနှင့်အမေရိကန်တို့ကအကြိုပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို သြဂုတ်၁၀ ရက်တွင်မလုပ်မီ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ညီမ ကင်ယိုဂျောင်က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ထို့ပြင် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံ တို့အနေဖြင့် အဆိုပါစစ်ရေးလေ့ကျင့်မှုအတွက် အလွန်ကြီးမားသော လုံခြုံရေးခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုနှစ်နိုင်ငံ၏ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တိုးတက်လာပြီဖြစ်သော ကိုရီးယားနှစ်နိုင်ငံကြားဆက်ဆံရေးကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေနိုင်ကြောင်း မြောက်ကိုရီးယားကသတိပေးထားသည့်ကြားမှ တောင်ကိုရီးယားနှင့်အမေရိကန်တို့က ထိုစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ရန်စီစဉ်ခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် မြောက်ကိုရီးယားပြည်သူများကိုခြိမ်းခြောက်နေသည့် လေ့ကျင့်ခန်းဖြစ်ကြောင်း၊ကို ရီးယားကျွန်းဆွယ်တွင် တင်းမာမှုများကို မြင့်တက်လာစေမည်ဖြစ်ကြောင်းနှင့် ထိုစစ်ရေးလေ့ကျင့်ခန်းကို မကြိုဆိုကြောင်း ကင်ယိုဂျောင်က ပြောသည်ဟု နိုင်ငံပိုင်သတင်းဌာနကဖော်ပြထားသည်။

အလားတူ အန္တရာယ်များသော ထိုစစ်ရေးလေ့ကျင့်ခန်းကိုမလုပ်ရန် မြောက်ကိုရီးယား၏ အကြိမ်ကြိမ် သတိပေးမှုကို မျက်ကွယ်ပြုသည့်အတွက် ကြီးမားသောလုံခြုံရေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကင်ယိုဂျောင်က သတိပေးထားသည်။

ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုကိုလျှော့သည့်အနေဖြင့် အရေးပေါ်ဆက်သွယ်ရေးလိုင်းကိုပြန်လည်ဖွင့်လှစ်ပြီးနောက် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လက်ခံလုပ်ဆောင်သည့် တောင်ကိုရီးယားနိုင်ငံ၏လုပ်ရပ်သည် သစ္စာဖောက်သည့်လုပ်ရပ်ဖြစ်ကြောင်း ကင်ယိုဂျောင်က စွပ်စွဲထားသည်။

တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်ကနှစ်နိုင်ငံကြားဆက်ဆံရေးရုံးကို ပြန်လည်ဖွင့်လှစ်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် သင့်မြတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်ထိပ်သီးဆွေးနွေးပွဲကျင်းပရန် တောင်းဆိုထားသော်လည်း ယခုကဲ့သို့ အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်းလုပ်ရန် စီစဉ်ခြင်းက မြောက်ကိုရီးယားနိုင်ငံ၏ မလိုလားအပ်သောတုံ့ပြန်မှုများကိုသာ ရရှိစေနိုင်သည်။

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ၏အမွေဆိုးအဖြစ် တောင်ကိုရီးယားနိုင်ငံတွင်အခြေချနေသည့် အမေရိကန်တပ်ဖွဲ့ဝင်၂၈၅၀၀ ခန့်ရှိသည်။ အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးမှုများလုပ်ရန် ပြောဆိုနေသော်လည်း ၎င်းတို့၏ လုပ်ရပ်များက ဆွေးနွေးပွဲကိုအကြောင်းပြပြီး ကျွန်းဆွယ်ကို ရန်ပြုကျူးကျော်လိုခြင်းဖြစ်ကြောင်း၊အမေရိကန်တို့က တောင်ကိုရီး ယား တွင်ဖြန့်ကြက်ထားသည့် တပ်ဖွဲ့များကိုရုပ်သိမ်းမှသာ ငြိမ်းချမ်းရေးရနိုင်မည်ဖြစ်ကြောင်းနှင့် အမြဲတမ်းတိုးပွား လာနေသော အမေရိကန်တို့၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်ခိုင်မာသည့်ကြိုတင်လက်ဦးမှုယူတိုက်ခိုက်မှုအပါအဝင် အလုံးစုံဟန့် တားရေးကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကင်ယိုဂျောင်က ပြောထားသည်ဟု သိရသည်။

Ref: TST