တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဩဂုတ် - ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။