တောင်ငူမြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်နှင့် နယ်မြေခံတပ်ရင်းများသို့ ၁၀၇ မမရှော့တိုက်ဒုံးဖြင့် နှောင့်ယှက်ပစ်ခတ်

နေပြည်တော်၊ မေ - ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ နယ်မြေခံ လေတပ်စခန်းဌာန ချုပ်နှင့် နယ်မြေခံတပ်ရင်းတို့အား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ခေါင်းဆောင်နှင့် အင်အား(စိစစ်ဆဲ)အကြမ်းဖက်သူများက ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် တောင်ငူမြို့ နယ်မြေခံတပ်ရင်း၏ အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာတွင် ၁ လုံး ကျရောက်သော်လည်း ပေါက်ကွဲမှု မရှိကြောင်းနှင့် နယ်မြေခံ လေတပ်စခန်း ဌာနချုပ် မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ၊ မီတာ ၂၀၀ ခန့်အကွာနှင့် မီတာ ၃၅၀ ခန့်အကွာနေရာတို့၌ ၁ လုံးစီ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အဉီ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သူများ ဝင်/ထွက်သွားလာနိုင်သည့် လမ်းကြောင်းနှင့် နေရာများအား ပိတ်ဆို့ရှာဖွေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်တွင် အိုင်စောက်ကျေးရွာ၏ အရှေ့ဘက်မီတာ ၁၃၀၀ ခန့်အကွာ လယ်ကွင်းအစပ် ခြုံတန်းတစ်လျှောက်၌ ၁၅ ပေခန့်အကွာနေရာ ၆ နေရာ၌ ဖွဲအိတ်ပေါ်တွင် အရှည် ၂ ပေခွဲခန့်ရှိ ၄ လက်မပိုက်ခွဲခြမ်း ၁ ခုစီပေါ် ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံးစီဖြင့် စုစုပေါင်း ၆ လုံးအား ထားရှိကာ ဝါယာကြိုးအရှည် ၉၀ ပေဖြင့် ဆက်သွယ်၍ 100 W ဘတ္ထရီအိုး ၁ လုံး၊ ဒရစ်ပုလင်း ၁ လုံး၊ ဝါးညှပ်ခလုတ် ၁ ခုတို့ဖြင့် ချိတ်ဆက်ကာ ရေချိန်ဖြင့် ချိန်ကိုက်ပြုလုပ် ပစ်ခတ်ခဲ့သည်ကို တွေ့ရှိရ သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဆောင်ရွက်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။