တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်၏ စစ်ရေးလှုပ်ရှားမှု ငြိမ်းချမ်းရေးအတွက်မကောင်းဟုဆို

အမေရိကန်အစိုးရအနေဖြင့် စစ်အင်အားပြသရန် တောင်တရုတ်ပင်လယ်အတွင်းသို့ စစ်သင်္ဘောများနှင့် လေယာဉ်များ မကြာခဏစေလွှတ်နေသည့် စစ်ရေးလှုပ်ရှားမှုသည်    ဒေသတွင်းငြိမ်းချမ်းရေးအတွက် မကောင်းကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်ရေတပ်မှ USS Theodore Roosevelt ဦးဆောင်သော လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်သည် ပင်လယ်ရေကြောင်းလွတ်လပ်စွာ သွားလာမှုကို မြှင့်တင်ရန်   တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကြောင်း အမေရိကန်စစ်ဘက်က ထုတ်ပြန်ပြီးနောက်  တရုတ်အစိုးရ၏ ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

တစ်နှစ်လျှင်  ကုန်သွယ်မှုမှဒေါ်လာထရီလီယံပေါင်းများစွာ ရရှိနေသော တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍ တရုတ်နှင့် အမေရိကန်တို့ကြား    ကာလရှည်ကြာသဘောထား တင်းမာနေပြီး   တရုတ်ကထိုရေပိုင်နက်ရှိ    အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုကို အစဉ်တစိုက် ကန့်ကွက်လျက်ရှိသည်။

ထို့ပြင် တရုတ်အစိုးရအနေဖြင့် အမေရိကန်စစ်သင်္ဘောများက   တောင်တရုတ်ပင်လယ်ရှိကျွန်းများအနီးသို့  ဖြတ်သန်းမှု နှင့်ပတ်သက်၍  အကြိမ်ကြိမ်အပြစ်တင်ဝေဖန်ထားသည်။

တရုတ်စစ်လေယာဉ်များက   တရုတ်(တိုင်ပေ)ဝေဟင်ပိုင်နက်၏ အနောက်တောင်ဘက်သို့ ကျူးကျော်ဝင်ရောက်သည်ဟု တရုတ်(တိုင်ပေ)က  ထုတ်ပြန်သည့်အချိန်တွင်   အမေရိကန်လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအုပ်က တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။

တရုတ်(တိုင်ပေ)သည် တရုတ်၏ထာဝရဒေသတစ်ခုဖြစ်ပြီး အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာသင့်ကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက ပြောသည်ဟု သိရသည်။      

Ref: TST