တောင်ပံခံစစ်ကစားသမား ရောဘတ်ဆန်ကို ၂ဝ၂၆ ခုနှစ်အထိ လီဗာပူးအသင်း သက်တမ်းတိုး စာချုပ်ချုပ်ဆို

တောင်ပံခံစစ်ကစားသမား ရောဘတ်ဆန်ကို ၂ဝ၂၆ ခုနှစ်အထိ လီဗာပူးအသင်း သက်တမ်းတိုး စာချုပ်ချုပ်ဆို

လီဗာပူးအသင်းသည် အသင်းအဓိက တောင်ပံခံစစ်ကစားသမား ရောဘတ်ဆန်ကို ၂ဝ၂၆ ခုနှစ်အထိ  သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း   သိရသည်။

အသက်  ၂၇  နှစ်အရွယ်  ရောဘတ်ဆန်သည် ၂ဝ၁၇  ခုနှစ်  ဇူလိုင်လက  ဟားလ်စီးတီး အသင်းမှ လီဗာပူးအသင်းသို့  ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်ပြီး  အစောပိုင်းက အသင်းနှင့် စာချုပ်သက်တမ်း ၂ဝ၂၄ ခုနှစ်မှသာ ကုန်ဆုံးမည်ဖြစ်သော်လည်း နောက်ထပ် နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကာ ၂ဝ၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်းသည်    ယခုနှစ်ကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူရေးထက် အသင်းမှ အဓိက  ကစားသမားများကို  သက်တမ်းတိုး စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်လျက်ရှိပြီး ရောဘတ်ဆန်မတိုင်မီကတည်းက  အဓိကကစားသမားများ ဖြစ်သည့်  ဂိုးသမား အလီဆန်ဘတ်ကာ၊ ခံစစ်ကစားသမား   ဗန်ဒိုက်၊  တောင်ပံခံစစ်ကစား သမား အာနိုး၊ ကွင်းလယ် ကစားသမား ဖာဘင်ဟိုတို့ကို ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်   ယခုအခါ   ရောဘတ်ဆန်ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

ရောဘတ်ဆန်က ''ကျွန်တော် အသင်းမှာ အဆင် ပြေပြီးပျော်ရွှင်နေတယ်ဆိုတာ ဖုံးကွယ်စရာမဟုတ် ပါဘူး။  အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုဖို့ဆွေးနွေးကတည်းက အသင်းမှာ ကာလရှည်ဆက်ရှိနေမယ်ဆိုတာ ယုံကြည်ပြီးသားပါ။ ကျွန်တော် အသင်းနဲ့ပတ်သက်တဲ့ အရာတိုင်းကို  တန်ဖိုးထားပါတယ်။  အသင်းမှာ နောက်ထပ်နှစ်အကြာကြီး ဆက်ကစားခွင့် ရရှိတော့မှာ ဖြစ်တဲ့အတွက်လည်း  စိတ်လှုပ်ရှားမိပါတယ်'' ဟုပြောသည်။

လီဗာပူးအသင်းသည် ရောဘတ်ဆန်ကို စာချုပ်ချုပ်ဆိုပြီးနောက်  ဆာလက်ချ်နှင့် ဟတ်ဒါဆန်တို့ကိုလည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။