တောင်အာဖရိက၌ နှာခေါင်းစည်းမတပ်ခြင်းကြောင့် အဖမ်းခံရသူ ၇၀၀၀ ကျော်ရှိ

 

တောင်အာဖရိကနိုင်ငံ၌ ဒီဇင်ဘာလကုန်မှစ၍ အများနှင့်သက်ဆိုင်သောနေရာများတွင် နှာခေါင်းစည်း မတပ်ခြင်းကြောင့် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံရသူ ၇၀၀၀ ကျော်ရှိကြောင်း အစိုးရက ဇန်နဝါရီ ၁၃ ရက် တွင်ပြောသည်။

တာဝန်ရှိသူများသည်  နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ပြီးခဲ့သည့်နှစ် မတ်လတွင် တင်းကျပ်သော ကန့်သတ်ချက်များချမှတ်ကာ မေလတွင် ပြန်လည်ရုပ်သိမ်းပေးသည်။

သို့သော်  နိုင်ငံအတွင်း၌  ဗီဇပြောင်းနိုဗယ်ကိုရိုနာဗိုင်းရပ်တွေ့ရှိခြင်းကြောင့် ရောဂါကူးစက်မှုပြန်လည် ဖြစ်ပေါ်လာသည့် အတွက် ပြီးခဲ့သည့်လတွင် ကန့်သတ်ချက်များကို ပြန်လည်ချမှတ်လိုက်ခြင်းဖြစ်သည်။

တာဝန်ရှိသူများ၏ ယခုထုတ်ပြန်သည့်ကန့်သတ်ချက်များတွင် အရက်ရောင်းချခြင်းကို တားမြစ်ခြင်း အပါအဝင် ယခင်ထက် ပိုမိုတင်းကျပ်သောစည်းမျဉ်းစည်းကမ်းများပါဝင်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၉ ရက်မှစ၍ ယခုအချိန်အထိ အများနှင့်သက်ဆိုင်သောနေရာများ၌ နှာခေါင်းစည်းမတပ်သူ ၇၄၅၅ ဦးအပါအဝင် ပြန်လည်ချမှတ်လိုက်သည့်စည်းမျဉ်း ကို မလိုက်နာခြင်းကြောင့်   ဖမ်းဆီးခြင်း သို့မဟုတ်     ဒဏ်ငွေချမှတ်ခြင်းခံရသူ အယောက် ၂၀၀၀၀  ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် အရက်သယ်ယူပို့ဆောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းတို့ကြောင့် အဖမ်းခံရသူ အယောက် ၈၃၀ ကျော်ရှိသည်။တောင်အာဖရိကနိုင်ငံသည် ကပ်ရောဂါကို အဆိုးဝါးဆုံးခံစားရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နှင့် သေဆုံးသူ ၃၄၀၀၀ ကျော်ရှိကြောင်း သိရသည်။