ထားဝယ်မြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလှေနစ်မြုပ်မှုကြောင့် လှေသားများအား ကူညီကယ်ဆယ်

ထားဝယ်မြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလှေနစ်မြုပ်မှုကြောင့် လှေသားများအား ကူညီကယ်ဆယ်

နေပြည်တော်၊ ဩဂုတ်- ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံ ရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃၀ ရက် နံနက် ၆ နာရီခန့်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၆ မိုင်ခန့်အကွာသို့ အရောက်၌ အောင်သန့်ဇင်(၆၃)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ နစ်မြုပ်မှုကြောင့် ၎င်းလှေပေါ်ပါ လှေသား ၁၈ ဦးကို ကယ်တင်၍ တင်ဆောင်လာသည့် ဒေသခံငါးဖမ်းလှေ ၁ စီးကို တွေ့ရသဖြင့် အဆိုပါလှေသား ၁၈ ဦးကို တပ်မတော်ရေယာဉ်သို့ လွှဲပြောင်းကူညီ ကယ်တင်မှုများ ဆောင်ရွက်ပေးသည်။

အဆိုပါ အောင်သန့်ဇင်(၆၃)အမည်ရှိ ငါးဖမ်းဝါးလတ်လှေသည် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဦးအောင်မိုး ပိုင်ဆိုင်သော လှေဖြစ်ပြီး ၎င်းလှေသည် ကျောက်ဆောင်နှင့် တိုက်မိ၍ နစ်မြုပ်ခဲ့ခြင်းရာ တပ်မတော်ရေယာဉ်မှ တပ်မတော် သားများက လွှဲပြောင်းကယ်တင်ခဲ့သည့် လှေသား ၁၈ ဦးကို လိုအပ်သည့် ကျန်းမာရေး  စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။