ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုက အမေရိကန်ကိုသတိပေးပြီး ခွဲထွက်ရေးသမားများကိုသင်ခန်းစာပေးခြင်းဖြစ်ဟု တရုတ်ပြော

ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုက အမေရိကန်ကိုသတိပေးပြီး ခွဲထွက်ရေးသမားများကိုသင်ခန်းစာပေးခြင်းဖြစ်ဟု တရုတ်ပြော

ပေကျင်း၊ စစ်ရေး

တရုတ်တပ်မတော်က ထိုင်ဝမ်ကျွန်းအနီးပတ်ပတ်လည်၌  စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်နေခြင်းသည် အမေရိကန်ကိုသတိပေးပြီး    ခွဲထွက်ရေးသမားများကိုသင်ခန်းစာပေးခြင်းဖြစ်ကြောင်း    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက သြဂုတ် ၉ ရက်တွင်ပြောသည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ တရုတ်(တိုင်ပေ)ခရီးစဉ်ကို  တုံ့ပြန်သည့်အနေဖြင့်လုပ်ဆောင်သော အဆိုပါစစ်ရေးလေ့ကျင့်မှုသည် အပြည့်အဝတရားဝင်ဖြစ်ပြီး တရားမျှတမှုရှိကြောင်း   ဝမ်ဝန်ဘင်းကထောက်ပြပြောဆိုထားသည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)ကိုသိမ်းပိုက်ရန်  ကြိုတင်ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် စစ်ရေးလေ့ကျင့်နေခြင်း ဟုတ်၊ မဟုတ်နှင့်ပတ်သက်၍ သတင်းထောက်များ၏မေးမြန်းမှုကို ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ပြောထားခြင်းဖြစ်သည်။

ထို့ပြင်   ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာရှိကြောင်းနှင့် ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ဖယ်ရှားမရနိုင် သည့်အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်းဝမ်ဝန်ဘင်းကအလေးပေးပြောသည်။
တရုတ်နိုင်ငံသည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ခရီးစဉ်ကိုအခွင့်ကောင်းယူကာ ထိုင်ဝမ်ကျွန်းအနီး အကြီးစားစစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ထိုင်ဝမ်ရေလက်ကြားရှိ ပိုနေမြဲကျားနေမြဲအခြေအနေကိုပြောင်းလဲလိုခြင်းဖြစ်ကြောင်း တရုတ်(တိုင်ပေ)   နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆပ်ဝူက အစောပိုင်းတွင်ပြောထားသည်။
တရုတ်တပ်မတော်သည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏တရုတ်(တိုင်ပေ)ခရီးစဉ်အပြီး နောက်တစ်ရက်တွင် ထိုင်ဝမ်ကျွန်းအနီးရှိ  နေရာခြောက်ခု၌   စစ်ရေးလေ့ကျင့်ခန်းကိုလုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။