ထိုင်းဆန္ဒပြသူများက ယခုနှစ်အတွက် ဆန္ဒပြမှုများကို ခေတ္တရပ်နားထားမည်

ထိုင်းနိုင်ငံအတွင်းရှိ ဆန္ဒပြသူများသည် ယခုနှစ်အတွက် ဆန္ဒပြမှုများကို ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် ဆန္ဒပြမှုများကို အင်အားအပြည့်ဖြင့် ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ ခေါင်းဆောင်တစ်ဦးက ဒီဇင်ဘာ ၁၄ ရက် တွင်ပြောသည်။

အဆိုပါဆန္ဒပြသူများသည် နိုင်ငံအတွင်း ရှိ   ဘုရင်၏လုပ်ပိုင်ခွင့်အာဏာများကို ထိန်းချုပ်ဟန့်တားနိုင်ရေးအတွက်  ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန်နှင့် ဝန်ကြီးချုပ်ကို ရာထူးမှဆင်းပေးရန် လပေါင်းများစွာ ကြာ  ဆန္ဒပြတောင်းဆိုမှုများ လုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ ခေတ္တရပ်နားခြင်းဖြစ်သည်။

ယခုနှစ်တွင်လုပ်သည့် ဆန္ဒပြမှုများသည်  ပဏာမသတိပေးသည့် အဆင့်သာရှိကြောင်း လူ့အခွင့်အရေး ရှေ့နေတစ်ဦး ဖြစ်သည့်အပြင် ဆန္ဒပြအဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သည့် အာနွန်နမ်ပါက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားသည့် ဆန္ဒပြမှုများသည် ဝန်ကြီးချုပ် ပရာယုချန်အိုချာကို  ရာထူးမှဆင်းပေးရေး တောင်းဆိုသည့် လူငယ်များ ဦးဆောင်သော ဆန္ဒပြမှုများမှ စတင်ပေါက်ဖွားလာခြင်း ဖြစ်သည်။

ထို့နောက်တွင် နိုင်ငံ၏ ဓလေ့ထုံးတမ်း များကိုချိုးဖောက်ကာ  ဘုရင်မဟာဝဇီရာ လောင်ကွန်း၏အာဏာများကို ထိန်းချုပ်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပါ ပြင်ဆင်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုလာခြင်းဖြစ်သည်။

ဘုရင်မဟာဝဇီရာလောင်ကွန်းကမူ ယခု သီတင်းပတ်အကုန်တွင်  အထက်တန်း ကျောင်းသားများကို မိန့်ခွန်းပြောစဉ် နိုင်ငံကိုချစ်မြတ်နိုးရန်  ဦးစားပေးပြောဆိုသွား ကြောင်း သိရသည်။

လူတိုင်းက ကိုယ့်အိမ်ကိုချစ်ကြောင်း၊ နေအိမ်ပြိုလဲမည်ကို မည်သူကမျှမမြင်လိုကြောင်း၊ သူခိုး၊ ဓားပြများ သို့မဟုတ် ကိုယ့် အိမ်ကို သူခိုး၊ ဓားပြတို့လုယက်မည်ကိုလည်း မြင်လိုမည်မဟုတ်ကြောင်း၊ ထို့ကြောင့် ကိုယ့်နိုင်ငံနှင့် ကိုယ့်နေအိမ်များကို    ကာကွယ်ရ မည်ဖြစ်ကြောင်း ဘုရင်ကပြောထားသည်ဟု သိရသည်။              

  Ref: CNA