ထိုင်းနိုင်ငံထုတ် နှာခေါင်းတွင်းဖျန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်မျိုးကို လက်တွေ့ စမ်းသပ်မည်

ထိုင်းနိုင်ငံထုတ်   နှာခေါင်းတွင်းဖျန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်မျိုးကို ယခုနှစ်အကုန်တွင် လူများဖြင့် လက်တွေ့ စမ်းသပ်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၁ ရက်တွင် ပြောသည်။

နိုင်ငံတော် မျိုးရိုးဗီဇပြုပြင်ဖန်တီးမှုနှင့် ဇီဝနည်းပညာဌာနက ဖော်စပ် ထုတ်လုပ်ထားသော   ထိုကာကွယ်ဆေးများသည် လည်ချောင်းပသိတွင် ကူးစက်တတ်သော ရောဂါပိုးနှင့်   တုပ်ကွေးရောဂါပိုးတို့ကို အခြေခံ ဖော်စပ်ထားခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့မှ   ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ရတ်ချာဒါသာနာဒီရတ်က ပြောသည်။

ကြွက်များတွင် စမ်းသပ်အောင်မြင်ထားပြီးဖြစ်သော ထိုကာကွယ်ဆေးများကို လူများဖြင့် ပထမအဆင့်   လက်တွေ့စမ်းသပ်မှု လုပ်ဆောင်ရန် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့က ခွင့်မပြုသေးသောကြောင့် ယခုနှစ်ကုန်တွင် စမ်းသပ်မှု စတင်လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် အဆိုပါစမ်းသပ်မှုများတွင် ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကိုပါ ကာကွယ်နိုင်ခြင်း ရှိ၊  မရှိနှင့်ပတ်သက်၍ စမ်းသပ်မည်ဖြစ်သည်။

ဒုတိယအဆင့် စမ်းသပ်မှုကို ၂ဝ၂၂ ခုနှစ် မတ်လတွင်ပြုလုပ်ရန် စီစဉ်ထားကြောင်းနှင့် အကယ်၍ ရလဒ်များကောင်းမွန် ပါက လာမည့် နှစ်လယ်ပိုင်းတွင် ကျယ်ပြန့်စွာ အသုံးပြုရေးအတွက်  အဓိကထား၍ ထုတ်လုပ်မှုကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရတ်ချာဒါသာနာဒီရတ်က ဆက်ပြောသည်။

ကမ္ဘာတစ်ဝန်းရှိ   နိုင်ငံများကလည်း ကိုဗစ်-၁၉ ရောဂါပိုး၏ အဓိကဝင်ပေါက်မှာ နှာခေါင်းဖြစ်သောကြောင့် ထိုရောဂါပိုး ကူးစက်မှုကို ကာကွယ်ရေးအတွက် နှာခေါင်းတွင်းဖျန်း ကာကွယ်ဆေးများကို ထုတ်လုပ်ရန် သုတေသနများ လုပ်ဆောင်နေသည်။

ထိုင်းနိုင်ငံအနေဖြင့်  ပြည်တွင်းဖြစ် နောက်ထပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း ဖော်စပ်နေပြီး တစ်မျိုးမှာ ချူလာလောင်ကွန် တက္ကသိုလ်ထုတ် mRNA  နည်းပညာအသုံးပြု ကာကွယ်ဆေးနှင့် နောက်တစ်မျိုးမှာ မဟီဒေါတက္ကသိုလ်ထုတ် ရောဂါပိုးအသေကို    အသုံးပြုထားသည့် ကာကွယ်ဆေးတို့ဖြစ်သည်။   အဆိုပါ ကာကွယ်ဆေးနှစ်မျိုးစလုံး၏   ဒုတိယ အဆင့် လက်တွေ့စမ်းသပ်မှုကို    ယခုလအတွင်း လုပ်ဆောင်သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် နိုင်ငံအတွင်း ထိုးပေးမည့် ကာကွယ်ဆေးများအတွက် တရုတ်နိုင်ငံထုတ်     ဆိုင်နိုဗက်ကာကွယ်ဆေး၊ ဆိုင်နိုဖမ်း ကာကွယ်ဆေးနှင့် အက်စထရာဇီနီကာ ကုမ္ပဏီထုတ်  ကာကွယ်ဆေးတို့အပေါ် မှီခိုနေရသည်။

လက်ရှိတွင်ရရှိထားသည့် ဖိုင်ဇာ-ဘိုင်အိုအန်တက် ကုမ္ပဏီထုတ် ကာကွယ်ဆေးများကိုမူ ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းရှိ ကျန်းမာရေး ဝန်ထမ်းများကို ထပ်တိုးကာကွယ်ဆေးအဖြစ် နောက်ထပ်တစ်လုံးစီ ထိုးပေးသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် ဖိုင်ဇာ-ဘိုင်အို အန်တက်ကုမ္ပဏီထုတ် ကာကွယ်ဆေး အလုံးပေါင်း ၃၂ ဒသမ ၅ သန်းကို ယခုနှစ် အတွင်းရရှိသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး    အန်နူတင်ချန်ဗီရာကူးက သြဂုတ် ၁၁ ရက်တွင် ပြောထားသည်ဟု သိရသည်။