ထိုင်းနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်း ၆၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ 

ထိုင်းနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်း ၆၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ 

ဘန်ကောက်၊ ကျန်းမာရေး

ထိုင်းနိုင်ငံ၌   ဆီနိုဗက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်အဝ ထိုးထားပြီးဖြစ်သည့် ကျန်းမာရေးဝန်ထမ်း ၆၀၀ ကျော် ရောဂါကူးစက်ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက် တွင် ထုတ်ပြန်သည်။

နိုင်ငံအတွင်း ဆီနိုဗက်ကုမ္ပဏီထုတ် ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးသည့်  ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၆၇၇၃၄၈ ဦး ရှိသည့်အနက် ၆၁၈ ဦး ရောဂါကူးစက်ခံရ ခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီလမှဇူလိုင်လအထိ ပြုစုထားသော စာရင်းများတွင်တွေ့ရသည်။

ထို့ပြင် ရောဂါကူးစက်ခံရသူများအနက် သူနာပြုတစ်ဦးသေဆုံးပြီး အခြားကျန်းမာရေး ဝန်ထမ်းမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိသည်။ ယခုအခါ ကျန်းမာရေးပညာရှင်များက ရောဂါကူးစက်နိုင်ခြေ များသည့် ကျန်းမာရေး ဝန်ထမ်းများကို ထပ်တိုးကာကွယ်ဆေး ထိုးပေးရန် ထောက်ခံအတည်ပြု လိုက်ပြီဖြစ်ကြောင်း   တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆိုပွန်အီအမ်ဆီရီသာဝန်ကပြောသည်။

ထပ်တိုးကာကွယ်ဆေးအဖြစ်ထိုးပေး မည့်ဆေးမှာ မကြာမီရောက်ရှိလာမည့် အက်စထရာဇီနီကာ သို့မဟုတ် mRNA နည်းပညာအသုံးပြု ကာကွယ်ဆေး တစ်မျိုးမျိုးဖြစ်နိုင်ကြောင်းနှင့် ပညာရှင်များ ၏ထောက်ခံအတည်ပြုမှုကို ဇူလိုင် ၁၂ ရက်တွင် စဉ်းစားသုံးသပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံ၌ ဇူလိုင် ၁၁ ရက်တွင် ရောဂါကူးစက်ခံရသူ ၉၄၁၈ ဦးဖြင့် စံချိန်တင်ကူးစက်မှု အမြင့်ဆုံးဖြစ်လာပြီး ဇူလိုင် ၁၀ ရက်တွင်မူ သေဆုံးသူ ၉၁ ဦးဖြင့် စံချိန်တင်ကြောင်း သိရသည်။

Ref: TST