ထိုင်းနိုင်ငံ၌ အပန်းဖြေစခန်းများ ဖွင့်လှစ်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့လျှင် ခရီးသွားများ ဝင်ရောက်မှုကို ချက်ချင်း ကန့်သတ်မည်

ထိုင်းနိုင်ငံ၌ အပန်းဖြေစခန်းများ ဖွင့်လှစ်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့လျှင် ခရီးသွားများ ဝင်ရောက်မှုကို ချက်ချင်း ကန့်သတ်မည်

ထိုင်းနိုင်ငံ၌ အပန်းဖြေစခန်းများ ဖွင့်လှစ် မှုကြောင့်  ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ပါက ပြည်ပခရီးသွားများ ဝင်ရောက်သွားလာမှုကို ကန့်သတ်ကာ ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီး တစ်ဦးက ပြောသည်။

ထိုင်းအစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းကို အဓိက အားထားရသော နိုင်ငံ၏ အပန်း ဖြေစခန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးပြီးသည့် ပြည်ပ နိုင်ငံသားများကို လာရောက် လည်ပတ်ခွင့်ပြု ရန် စီစဉ်ထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ခရီးသွားလုပ်ငန်းများကို ပြန်လည်မဖွင့်လှစ်မီ ကာကွယ်ဆေးထိုးပြီးသည့် ပြည်ပနိုင်ငံသားများ အနေဖြင့် ကွာရန်တင်းဝင်ရန် မလိုဘဲ သွားရောက်နိုင်သည့် နေရာများတွင် ဖူးခက်၊ စမွီနှင့် ဖီဖီအပန်းဖြေစခန်းတို့ ပါဝင်သည်။

ထိုသို့ပြည်ပခရီးသွားများ လာရောက် ခွင့်ပြုထားသည့်အတွက် ဒေသခံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဖြစ်ပွားလာပါက တာဝန်ရှိသူများ အနေဖြင့် ခရီးသွား များ၏ သွားလာလှုပ်ရှားမှုကို   အမြန်ဆုံး ထိန်းချုပ် သွားမည်ဖြစ်ကြောင်း ခရီးသွား လာရေးနှင့် အားကစားဝန်ကြီး ဖီဖတ်ရတ်ချာ ကစ်ပရာကန်းက ပြောသည်။

သို့သော် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့်  မည်သည့်နယ်စပ်ကိုမျှ ပိတ်သွားမည်မဟုတ် ကြောင်း ၎င်းကဆက်လက် ပြောဆိုထားသည်။

ထိုင်းနိုင်ငံ၏ လူကြိုက်အများဆုံးနှင့် လာရောက်လည်ပတ်မှု အများဆုံးဖြစ်သော ဖူးခက်အပန်းဖြေ စခန်းသည် ကာကွယ်ဆေး ထိုးထားပြီးသည့် ခရီးသွားများကို ဇူလိုင် ၁ ရက်မှစ၍ လက်ခံသွားမည်ဖြစ်ပြီး ထိုသို့ လက်ခံမှုသည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ် ငန်းကိုပြန်လည် အသက်သွင်းရန် အကြီးမားဆုံး ခြေလှမ်းဖြစ်သည်။

ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်တက် နေစဉ် ပြည်ပနိုင်ငံသားများကို နိုင်ငံအတွင်း ဝင်ခွင့်ပေးခြင်းက ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုဆိုးဝါးစေကာ နိုင်ငံ့စီးပွားရေးကို ပြန်လည် တည်ဆောက်ရေးတွင် လမ်းလွဲ သွားနိုင်သည့်အတွက် စိုးရိမ်မှုများ မြင့်တက်နေစဉ် ယခုကဲ့သို့ အပန်းဖြေစခန်းကို ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းသိရသည်။