ထိုင်းအစိုးရက ကာကွယ်ဆေးထိုးပြီးသူများအတွက် နောက်ထပ်ကမ်းခြေသုံးခုကိုဖွင့်လှစ်

ဘန်ကောက်၊ ပြည်တွင်းရေး

ထိုင်းနိုင်ငံအတွင်း ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ရောဂါဖြစ်ပွားမှုများမြင့်တက်နေသော်လည်း အစိုးရက ကာကွယ် ဆေးထိုးပြီးသူ   ခရီးသွားများအတွက် နောက်ထပ်ကမ်းခြေသုံးခုကို ဇူလိုင် ၁၅ ရက်တွင် ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

အဆိုပါကမ်းခြေသုံးခုမှာ ဆမွီ၊ တာအိုနှင့် ဖန်ဂန်းကမ်းခြေတို့ဖြစ်ပြီး ယခုအခါ နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့စေရေး အစိုးရ၏ အစီအစဉ်အရ ထိုကမ်းခြေများက ကာကွယ်ဆေးထိုးပြီးသည့် ဧည့်သည်များကိုလက်ခံနေပြီဖြစ်သည်။ ထိုင်းအစိုးရသည် ဇူလိုင် ၁ ရက်မှစ၍ အဆိုပါအစီအစဉ်ကို  ဖူးခက်ကမ်းခြေဖွင့်လှစ်ခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်ကာ ကာကွယ်ဆေးထိုးပြီး သော ဧည့်သည်များ အနေဖြင့် ဟိုတယ်တွင် ကွာရန်တင်းဝင်ရန်မလိုတော့သော်လည်း   ကမ်းခြေတွင် အနည်းဆုံး  သီတင်းပတ်နှစ်ပတ်ကြာနေရသည်။

ယခုကမ်းခြေသုံးခု ဖွင့်လှစ်မှုတွင်မူ ကာကွယ်ဆေးထိုးပြီးသော ဧည့်သည်များအနေဖြင့်  ဆမွီကမ်းခြေရှိ  သတ်မှတ်ဟိုတယ်တွင် သီတင်းပတ်တစ်ပတ်ကြာနေရမည်ဖြစ်ကာ ထိုသို့နေထိုင်စဉ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုခံယူရမည်ဖြစ်သည်။ အကယ်၍ ရောဂါဖြစ်ပွားမှုမရှိပါက ထိုတစ်ပတ်အပြီးတွင် ကျန်ရှိသည့် တာအို သို့မဟုတ် ဖန်ဂန်းကမ်းခြေသို့ သွားခွင့်ရရှိမည်ဖြစ်သည်။

လက်ရှိတွင်   ဖူးခက်ကမ်းခြေသို့လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည်အရေအတွက် အယောက် ၅၀၀၀ ရှိပြီဖြစ်ပြီး  ၎င်းတို့အနက် ၁၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည်ကိုတွေ့ရှိထားသည်။

ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းသည် နိုင်ငံ့ဝင်ငွေ၏ ၅ ပုံ ၁ ပုံကို ဖန်တီးပေးနေခြင်းဖြစ်ပြီး ယခုကပ်ရောဂါဖြစ်ပွားချိန် နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုသည် ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်းကာလနောက်ပိုင်း အဆိုးဆုံးဖြစ်လာသည်။ ယခုဖွင့်လှစ် လိုက်သည့် ဆမွီကမ်းခြေသည် ကပ်ရောဂါမဖြစ်ခင်က ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ  ၁  ဘီလီယံနီးပါး ရှာဖွေပေးနိုင် သည့်နေရာ ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၈၈ သန်းသာဝင်ငွေရရှိထားသည်။

ထိုင်းနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနက် ၈၀ ရာခိုင်နှုန်းသည် ကူးစက်မြန်ပြင်းထန် ဒယ်တာဗီဇပြောင်းရောဂါပိုးကူးစက်ခံနေရခြင်းဖြစ်သည်။ ဇူလိုင် ၁၅ ရက်တွင်မူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၉၂၀၀ နီးပါးနှင့်သေဆုံးသူ ၉၈ ဦးရှိသည်။ဘန်ကောက်မြို့နှင့်ပြည်နယ် ကိုးခုကိုညမထွက်ရအမိန့် အပါအဝင် တင်းကျပ်သည့် အသွားအလာ ကန့်သတ်မှုများချမှတ်ထားကြောင်း သိရသည်။

Ref: CAN