ထိုင်းအစိုးရက ဘတ် ဘီလီယံ ၁၄၀ တန်ဖိုးရှိ စီးပွားရေးအထောက်အပံ့များပေးရန်အတည်ပြု

သီဟိုဠ်ဘန်ကောက်၊ ပြည်တွင်းရေး

ထိုင်းအစိုးရက နိုင်ငံအတွင်းဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ရသောစီးပွားရေးလုပ်ငန်းများအတွက် ဘတ်ဘီလီယံ ၄၀ တန်ဖိုးရှိ အထောက်အပံ့များပေးရန် အတည်ပြုကြောင်း သိရသည်။

အဆိုပါအထောက်အပံ့များတွင် သက်သာချောင်ချိရေး ကတ်ကိုင်ဆောင်ထားသူများနှင့် အထူးလုပ်ငန်းစုများသို့ ငွေသားပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကြိုတင်ငွေပေးခြင်းနှင့် ပေးရန်ရှိသည့်တန်ဖိုးအတိုင်း ငွေပြန်အမ်းခြင်းတို့ပါဝင်ပြီး ဇူလိုင်လမှစ၍ အကောင်အထည်ဖော်သွားဖွယ်ရှိကြောင်း အစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇွန် ၁ ရက်တွင်ပြောသည်။

ထိုင်းနိုင်ငံ၏စီးပွားရေးသည် ကပ်ရောဂါကြောင့် ပြင်းထန်သည့်လေဆန်နှင့်ရင်ဆိုင်နေရကြောင်း၊၂၀၂၃ ခုနှစ်မတိုင်မီအထိ ကပ်ရောဂါ မတိုင်မီအခြေအနေသို့   ပြန်မရောက်နိုင်ကြောင်း   ဗဟိုဘဏ်ဥက္ကဋ္ဌကပြောထားသည်။ ထိုင်းအစိုးရသည် ပြီးခဲ့သည့်လကလည်း ဘတ် ၈၅ ဘီလီယံခွဲရှိသည့် ထောက်ပံ့မှုကို ပေးအပ်ခဲ့ပြီး ထိုထောက်ပံ့မှုတွင် ငွေသားထုတ်ပေးသည့် အစီအစဉ်နှစ်ခုပါဝင်သည်။

ထို့ပြင် ဘုရင်မဟာဝဇီရာလောင်ကွန်းက ထောက်ပံ့ရေးအတွက် ဘတ် ၁ ထရီလီယံအစီအစဉ်မှငွေများကုန်သွားပါက နောက်ထပ် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံထည့်ဝင်အသုံးပြုရန် အတည်ပြုထောက်ခံပေးထားကြောင်း သိရသည်။ 

Ref: Bloomberg