ထိုင်းအစိုးရက ယခုနှစ်ကုန်တွင် နိုင်ငံ့လူဦးရေထက်ဝက်ကို ကာကွယ်ဆေး ထိုးပေးမည်

ထိုင်းအစိုးရသည်  ယခုနှစ်ကုန်တွင် နိုင်ငံ့လူဦးရေ၏ထက်ဝက်ဖြစ်သော ပြည်သူ ၃၃ သန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန်    ရည်ရွယ်ထားပြီး ကာကွယ်ဆေးထိုးအစီအစဉ်ကို ဖေဖော်ဝါရီလ မကုန်မီစတင်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းအစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာနက  နိုင်ငံ၏အရေးပေါ်ကာကွယ်ဆေးအဖြစ် ဆီနိုဗက်ဘိုင် အိုတက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုအတည်ပြုပြီးပါက နိုင်ငံအတွင်း ကာကွယ် ဆေးထိုးအစီအစဉ်ကို စတင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

ကာကွယ်ဆေးနှစ်သန်းကို ကျန်းမာရေးဝန်ထမ်းများ၊   ကပ်ရောဂါကို ရှေ့တန်းမှတိုက်ဖျက်နေသူများ၊ ရောဂါကူးစက်နိုင်ခြေများသူများနှင့် အသက် ၆၀ ကျော်သူများကို ဧပြီလကုန်နောက်ဆုံးထား၍ ထိုးပေးသွားရန် ထိုင်းအစိုးရကစီစဉ်ထားသည်။

ဝန်ကြီးချုပ်ပရာယုချန်အိုချာ၏အစိုးရအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးပေါင်း ၆၃ သန်း ဝယ်ယူရန် အတည်ပြုထားကြောင်းနှင့် အမျိုးသားကာကွယ်ဆေးအဖွဲ့ကလည်း ယခုနှစ် ပထမသုံးလ ပတ်တွင် ကာကွယ်ဆေးများ ပိုမိုရရှိနိုင်ရေးအတွက် ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီအများအပြား နှင့်ဆွေးနွေးနေကြောင်း သိရသည်။

တာဝန်ရှိသူများက ယခုလတွင် အတည်ပြုပေးမည့်  အက်စထရာဇီနီကာကုမ္ပဏီ ထုတ်ကာကွယ်ဆေး ပထမအသုတ်မှာ မေလတွင်ရောက်ရှိမည်ဟု     ထိုင်းအစိုးရက မျှော်လင့်ထားသည်။