ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား COVID- 19 ရောဂါကာကွယ်ဆေး ထိုးနှံ

နေပြည်တော်   မေ  ၃ဝ

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ   ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး  အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  တိုင်းရင်းသားပြည်သူများအား  COVID- 19 ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တို့ အတွင်းရှိ    ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက    ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အတူပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးကာ COVID- 19 ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ယင်းသို့    ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။