ဒယ်တာဗီဇပြောင်းရောဂါပိုး ကူးစက်မှုရှိလာသည့် ဝူဟန်တစ်မြို့လုံးကို ရောဂါပိုး စစ်ဆေးရန် တရုတ်ညွှန်ကြား

ဒယ်တာဗီဇပြောင်းရောဂါပိုး ကူးစက်မှုရှိလာသည့် ဝူဟန်တစ်မြို့လုံးကို ရောဂါပိုး စစ်ဆေးရန် တရုတ်ညွှန်ကြား

ပေကျင်း၊ ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးကူးစက်ပျံ့နှံ့မှုဖြစ်ပွားသည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ဒယ်တာဗီဇပြောင်းရောဂါ ပိုးကူးစက်မှုရှိလာသည့်အတွက် တစ်မြို့လုံး ကိုရောဂါပိုးစစ်ဆေးရန် တရုတ်အစိုးရက ညွှန်ကြားကြောင်း သိရသည်။

ထို့ပြင် တစ်မြို့လုံးကို ရောဂါပိုးစစ်ဆေး နိုင်ရေးအတွက်   မီးရထားနှင့်လေယာဉ် ခရီးစဉ်များကိုဆိုင်းငံ့ကာ ဘတ်စကက်ဘော အားကစားပွဲများကိုလည်း ဖျက်သိမ်းလိုက် သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ရာဂဏန်းမျှသာ ရှိသေးသည့်အတွက် တာဝန်ရှိသူများက အဆိုပါရောဂါပိုးကူးစက် ပျံ့နှံ့မှုကို   အချိန်မီထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကို အပြီးသတ်အမြစ်ဖြတ်နိုင်ခြင်း မရှိသေးသော်လည်း   လော့ဒေါင်းများချမှတ်ခြင်း၊ ပြည်သူများကို ရောဂါပိုးစစ်ဆေးခြင်းတို့ဖြင့် အတန်အသင့် ထိန်းချုပ်ထားနိုင်သည်။

ထို့ပြင် ကနဦးကူးစက်ပျံ့နှံ့မှုမှလွဲ၍ ပြီးခဲ့သည့် ကူးစက်ပျံ့နှံ့မှုများအားလုံးကို ဖြစ်ပွားသည့် မြို့အတွင်း  သို့မဟုတ်  ပြည်နယ်အတွင်းမှာပင်   အချိန်မီထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် လက်ရှိဖြစ်ပွားနေသည့် ကူးစက် မြန်ပြင်းထန် ဒယ်တာဗီဇပြောင်းရောဂါပိုးသည် နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့်ဒေသ ၃၃ ခုအနက် ၁၇ ခုရှိ   မြို့ပေါင်း ၃၅ မြို့ ကျော်တွင် ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။

ဝူဟန်မြို့တွင်မူ ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ သုံးဦးရှိပြီး ၎င်းတို့ အားလုံးမှာ တစ်နှစ်ကျော်အတွင်း ပထမဆုံးအနေဖြင့် ဒေသတွင်းကူးစက်မှု ဖြစ်ပွားသူများ ဖြစ်ကြောင်း သိရသည်။

Ref: LA Times