ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်စစ်ဆေး၊ သင်တန်းသားများနှင့်တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်စစ်ဆေး၊ သင်တန်းသားများနှင့်တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ - ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန် ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)သည် အဖွဲ့ဝင်များနှင့်အတူ တပ်မတော်(ကြည်း)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်၍ မြဝတီစာသင် ဆောင်၌ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး သင်တန်းသားများအား သင်ခန်းစာ များအလိုက် စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုများနှင့် သင်တန်းခန်းမ ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် သင်တန်းခန်းမ ရှင်းလင်းဆောင်၌ တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ကျောင်းအုပ်ကြီး က တပ်တည်ဆောင်ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းခန်းမ၌ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး သင်တန်းသားများအား တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် သင်တန်းကျောင်း၏ ရည်ရွယ်ချက်နှင့်အညီ သင်ကြားပေးသည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းအောင် သင်ကြားလေ့ကျင့်ရန်လိုကြောင်း၊ Standard Army တည်ဆောက်မှုကို အထောက်အကူပြုနိုင်ရန် ဖွံ့ဖြိုးတိုးတက်လာသည့် ကွန်ပျူတာနည်း ပညာကို စနစ်တကျ လေ့လာသွားရန်လိုကြောင်း၊ မိမိတို့၏ Professional ပညာရပ်အပေါ် လုပ်ငန်းခွင်တွင် ပိုင်နိုင်စွာ အသုံးချနိုင်သည်အထိ သင်ကြားတတ်မြောက်ရန်နှင့် သင်ယူသည့် ပညာရပ်များအပေါ် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဟူသော ဆောင်ပုဒ်နှင့်အညီ လက်တွေ့အသုံးချနိုင်ရန်လိုကြောင်း၊ သင်တန်းပြီးဆုံး၍ လုပ်ငန်းခွင် ဝင်ရောက်သည့် အချိန်တွင်လည်း အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို မျက်ခြေ မပြတ် ဆက်လက်လေ့လာရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် တပ်မတော်သားများ ဖြစ်၍ ပေးအပ်သည့်တာဝန်ကို အမိန့်နာခံမူဖြင့် ကျေပွန်စွာ ထမ်းဆောင်ရန်နှင့် နိုင်ငံ့အရေး ကမ္ဘာ့အရေးတို့ကို လေ့လာသိရှိနေရန်လိုကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင်၊ မဲမသမာမှုများမှ တဆင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းလာမှုအပေါ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ သွေဖယ်တိမ်းစောင်းမှု မဖြစ်ပေါ်စေရေး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့်အညီ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါအတိုင်း တာဝန်ယူထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကာလ ၁ နှစ်ကျော်ကာလအတွင်း အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးတို့ကို သစ္စာရှိ ဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဖြတ်သန်းကျော်လွှားခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်ကာလအတွင်း နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများမှတဆင့် သွေးထိုးလှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုများကြောင့် စက်ရုံအလုပ်ရုံများ မီးရှို့ခြင်း၊ လိုက်ပါလုပ်ဆောင်မှုမရှိသူများကို ဒလန်အဖြစ် သတ်ဖြတ်ခြင်း၊ တရားမဝင် လက်နက်ပုန်းများ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ငွေကြေးရယူ၍ အကြောင်းမဲ့သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာကြကြောင်း တစ်ဖက်တွင်လည်း အစိုးရယန္တရားရပ်တန့်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းအချို့အား မက်လုံးပေးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့် CDM ပြုလုပ်စေခြင်း၊ လိုက်ပါဆောင်ရွက်မှု မပြုသူများကို Social Punishment ပြုလုပ်၍ ဖိအားပေးခြင်းတို့မှတဆင့် အစိုးရတစ်ရပ် ပြုတ်ကျစေရန် ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ဝန်ထမ်းအချို့ CDM ပြုလုပ်မှုကြောင့် လစ်လပ်ခဲ့ရသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အချို့အား တပ်မတော်သားပညာရှင်များနှင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်းတို့က ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြကြောင်း၊ ပြည်ပနိုင်ငံကြီးအချို့ အနေဖြင့် ပထဝီနိုင်ငံရေးအရ ဩဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းခဲ့ရာ EAOs အချို့အပါအဝင် အကြမ်းဖက်အဖွဲ့အမျိုးမျိုးက နည်းမျိုးစုံဖြင့် ထောက်ပံ့မှုအမျိုးမျိုးဖြင့် သိမ်းသွင်း၍ ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းနှင့် အကြမ်းဖက်လုပ်ရပ်သင်တန်းများကို ပြုလုပ်စေ၍ အစိုးရ ရပ်တည်၍ မရအောင် ဆောင်ရွက်လာကြောင်း၊ သို့သော် ပြည်သူလူထု၊ သစ္စာရှိနိုင်ငံ့ ဝန်ထမ်းများ လုံခြုံရေအဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှုဖြင့် ကြံ့ကြံ့ခံကာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ ပါကြောင်း၊ နည်းမျိုးစုံဖြင့် အလုံးစုံပျက်သုဉ်းရေး ဆောင်ရွက်မှုမအောင်မြင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် တွင်လည်း အထက်ပါလုပ်ရပ်များအပြင် တပ်မတော်၏စည်းလုံးညီညွတ်မှု စွမ်းအားကို ဖြိုခွဲရန် ဦးတည်ကြိုးပမ်းလာခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရယူကာ စတင်တည်ထောင်ချိန်မှစတင်၍ ယနေ့အထိ နိုင်ငံ့အရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဦးလည်မသုန် ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အပေါ် ဘေးအန္တရာယ်အမျိုးမျိုးမကျရောက်စေရန် တားဆီးကာကွယ်ခဲ့ပါကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအသီးသီးအနေဖြင့် ပြည်ပနိုင်ငံကြီးအချို့၏ နယ်ရုပ်များသဖွယ် ခိုင်းစေသည့်အတိုင်း အခိုင်မာဆုံး Institution တစ်ခုဖြစ်သည့် တပ်မတော်ကို ဖြိုခွဲရန် ကြိုးပမ်းလာခြင်းသာဖြစ်ကြောင်း၊ မိမိတို့ မြန်မာအများစု၏ စိတ်ဓာတ်သည် “ခြောက်တိုင်းလဲ မကြောက်၊ ချော့တိုင်းလည်း မပျော့ဘဲ” မှန်ကန်သည့်ဘက်၌ ပြတ်သားစွာ ရပ်တည်သူများ ဖြစ်ကြကြောင်း၊ တပ်မတော်အပေါ်တွင်လည်း နိုင်ငံကြီးအချို့၏ ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးတုံးသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုများဖြင့် ဖိအားပေးနှောင့်ယှက်နေသော်လည်း တပ်မတော်အနေဖြင့် စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် အဖက်ဖက်မှ အောင်မြင်စွာ ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုအားလုံးတို့သည် အေးအတူ ပူအမျှဖြင့် “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်”ဟူသော စုစည်းညီညွတ်မှုဖြင့် အတိတ်၊ ပစ္စုပန်၊ အနာဂတ်များတွင် ကျော်လွှားနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ကျော်လွှားကြရမှာဖြစ်ကြောင်း၊ လွတ်လပ် သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အဓွန့်ရှည်ရပ်တည်နိုင်ရန် စည်းလုံးညီညွတ်မှုသည် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ ထိုသို့ အခက်အခဲများနှင့် စိန်ခေါ်မှုမျိုးစုံတို့ကို ရင်ဆိုင်ဖြေရှင်းရာတွင် တပ်မတော်သားတိုင်း တစ်ဦးချင်း၊ မိသားစုတစ်ဦးချင်းအနေဖြင့် အရေးကြီးဆုံးအချက်မှာ ကျန်းမာကြံ့ခိုင်နေရန်လိုကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် သွားလာ၊ နေထိုင်၊ စားသောက်မှုပုံစံဖြင့် လှုပ်ရှားဆောင်ရွက်မှသာ ကျန်းမာကြံ့ခိုင်နေ မည်ဖြစ်ကြောင်း၊ စစ်သည်တော်ကျင့်ဝတ် အပါး(၆၀)တွင် စစ်သည်တစ်ဦးချင်းအလိုက် ကောင်းမွန်သော စည်းကမ်းစနစ်တကျ နေထိုင်မှုပုံစံ သတ်မှတ် ပေးထားပြီးဖြစ်၍ လိုက်နာစောင့်ထိန်းရန်လိုကြောင်း၊ ပြည်ပနိုင်ငံကြီးအချို့နှင့် အကြမ်းဖက်အဖွဲ့အစည်း များအနေဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ မီဒီယာအရ နည်းအမျိုးမျိုးဖြင့် ဖိအားပေးရန် ကြိုးပမ်းနေမှုများကို တပ်မတော်သားများအနေဖြင့် ပေးအပ်သည့်တာဝန်ဝတ္တရားများအပေါ် သစ္စာရှိရှိကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်က အားကိုးရသော၊ နိုင်ငံတော်အပေါ် သစ္စာရှိသော၊ တပ်မတော်က အားကိုးရသော၊ တပ်မတော်ကို သစ္စာရှိသော၊ တပ်မတော်သားများဖြစ်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သင်တန်းသားများနှင့် နည်းပြအရာရှိများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။ အလားတူ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး က သင်တန်းသားများအတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား ဒုတိယကျောင်းအုပ်ကြီး က လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်မတော်(ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ နို့စားနွားနှင့် ဝက်မွေးမြူရေးခြံ အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အဆိုပါ သင်တန်းကျောင်းရှိ သင်တန်းသား စုပေါင်းစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။