ဒေသတွင်းတည်ငြိမ်အေးချမ်းရေးလျော့ပါးပြီး တင်းမာမှုများမြင့်တက်လာစေနိုင်သည့်အိုမန်ကမ်းလွန်တိုက်ခိုက်မှု

ဒေသတွင်းတည်ငြိမ်အေးချမ်းရေးလျော့ပါးပြီး တင်းမာမှုများမြင့်တက်လာစေနိုင်သည့်အိုမန်ကမ်းလွန်တိုက်ခိုက်မှု

အိုမန်ကမ်းလွန်၌ ပြီးခဲ့သည့်လကုန်ပိုင်းကဖြစ်ပွားသော မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်မှုတွင်   အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲက နောက်ကွယ်မှကြိုးကိုင်ပါဝင်နေသည်ဟု ဒေသတွင်းပြိုင်ဘက်တစ်နိုင်ငံက စွပ်စွဲလိုက်သည်။အဆိုပါ    မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်မှုသည်  ဇူလိုင် ၂၉  ရက်တွင် အိုမန်ကမ်းလွန်၌ဖြစ်ပွားခြင်းဖြစ်ပြီး အစ္စရေးကုမ္ပဏီတစ်ခု၏   မာစာစထရိအမည်ရှိ လောင်စာဆီတင်သင်္ဘောတစ်စင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။တိုက်ခိုက်မှုကြောင့် သင်္ဘောအမှုထမ်းနှစ်ဦးသေဆုံးသွားသည်။ သေဆုံးသူနှစ်ဦးမှာ  တစ်ဦးက   ရိုမေးနီးယားနိုင်ငံသားရေယာဉ်မှူးဖြစ်ပြီး ကျန်တစ်ဦးက ဗြိတိန်နိုင်ငံသား လုံခြုံရေးအရာရှိဖြစ်သည်။

ယင်းတိုက်ခိုက်မှု၏ နောက်ကွယ်တွင် အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ  လေတပ်ဦးစီးချုပ်  အာမီယာ အလီဟာဂျီဇာဒေးပါဝင်သည်ဟု အစ္စရေးနှင့်   အနောက်နိုင်ငံအချို့က  စွပ်စွဲထားသည်။ သို့ရာတွင်  အဆိုပါစွပ်စွဲပြောဆိုချက်များကို အီရန်ကငြင်းဆိုပြီး  ထိုစွပ်စွဲချက်များသည် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခြင်း သာဖြစ်သည်ဟု တုံ့ပြန်ထားသည်ကိုတွေ့ရသည်။ထို့ပြင်   ဒေသတွင်း၌ဖြစ်ပွားသည့်အကြမ်းဖက်မှုများတွင်  အီရန်အစ္စလာမ်မစ်တော်လှန်ရေးတပ်ဖွဲ့လေတပ်မှ တပ်မှူး အာမီယာအလီဟာဂျီဇာဒေးက  နောက်ကွယ်မှပါဝင်နေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ကပြောထားသည်။ထိုတိုက်ခိုက်မှုများနှင့်  စပ်လျဉ်း၍ နောက်ထပ်ပါဝင်နေသူတစ်ဦးမှာ  အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏   မောင်းသူမဲ့လေယာဉ်ဌာနချုပ်မှူး ဆာအက်အေရာဂျာနီဖြစ်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက  ပြောထားသေးသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ်ဌာနချုပ်သည် ဒေသတွင်းအကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန်  လေ့ကျင့်သင်ကြား မှုနှင့် ပစ္စည်းကိရိယာများကိုထောက်ပံ့ပေးနေသည်ဟု  အစ္စရေးနှင့်မဟာမိတ်နိုင်ငံများကယူဆထားသည်။အမေရိကန်အစိုးရကလည်း ဇူလိုင်လကုန်ပိုင်းတွင်ဖြစ်ပွားသည့် တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍    အီရန်အနေဖြင့် တာဝန်ယူဖြေရှင်းရမည်ဟု ဆိုထားပြန်သည်။အလားတူ ဒေသတွင်း၌ဖြစ်ပွားသည့် အဆိုပါ  အကြမ်းဖက်တိုက်ခိုက်မှုများကို ပေါင်းစည်းတုံ့ပြန်မည်ဟု   အစ္စရေးနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့်    ဗြိတိန်နိုင်ငံတို့ကခြိမ်းခြောက်ထားသည်။အဆိုပါတိုက်ခိုက်မှုသည်  ကနဦးတွင်အမည်မသိ  လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လောင်စာဆီတင်သင်္ဘောကို   အနုကြမ်းစီးရန် ကြိုးပမ်းပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။သင်္ဘောအပိုင်စီးရန်   ကြိုးပမ်းသည့် လက်နက်ကိုင်အဖွဲ့တွင်  သေနတ်သမားရှစ်ဦး   သို့မဟုတ်   ကိုးဦးခန့်ပါဝင်ပြီး နောက်ပိုင်းတွင် အဆိုပါသေနတ်သမားများမှာ  သင်္ဘောပေါ်မှပြန်ထွက်သွားသည်ဟု ဗြိတိန်သတင်းစာကြီးတစ်စောင်က ဖော်ပြထားသည်။

ယခုအခါ အဆိုပါမောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်မှုသည် ဒေသအတွင်း အချိန်မရွေးပေါက်ကွဲနိုင်သည့်    ချိန်ကိုက်ဗုံးတစ်လုံးအဖြစ်သို့ရောက်ရှိလာပြီး   နဂိုကတည်းက တည်ငြိမ်မှုလျော့ပါးနေသည့် ဒေသတွင်းလုံခြုံရေးအပေါ်ပါ  ရိုက်ခတ် လာသည်ဟုဆိုနိုင်သည်။ထိုသို့ဖြစ်ရခြင်းမှာ     အစ္စရေးနှင့်အနောက်နိုင်ငံကြီးများ၏  စွပ်စွဲပြောဆိုမှုများနှင့်ခြိမ်းခြောက်မှုများကို အီရန်က လက်မခံဘဲ နိုင်ငံအပေါ်ကျရောက်လာမည့် မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို တုံ့ပြန်သွားမည်ဟု သတိပေးထားခြင်းကြောင့်ဖြစ်သည်။ လက်ရှိတွင်  အီရန်၏ရန်သူများသည် နိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေများကိုဖန်တီးနေသည်ဟု အီရန်စစ်ဘက် ကရှုမြင်ထားသည်။ ထို့ကြောင့်    အီရန်၏ရန်သူနိုင်ငံများအနေဖြင့်   အတိတ်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များမှ  သင်ခန်းစာရယူသင့်ကြောင်း အီရန်စစ်ဘက်က သတိပေးထားသည်။တစ်နည်းဆိုရလျှင် အီရန်နိုင်ငံသည် ၎င်းင်းတို့၏ရန်သူများကို   ပြီးခဲ့သည့်  ၄၂ နှစ်ကြာကာလပတ်လုံး ထိပ်တိုက်ရင်ဆိုင်ခဲ့ သည့်ဖြစ်ရပ်ကို သွယ်ဝိုက်၍သတိပေးခြင်းဖြစ်သည်။ အထူးသဖြင့်   အမေရိကန်ကိုရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။
ယခုအခါ အီရန်သည် လက်နက်နည်းပညာတွင်ပိုမိုကောင်းမွန်သည့် အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ တက်လှမ်းလာနိုင်ပြီဖြစ်ပြီး ယင်းနိုင်ငံ၏  ဒုံးကျည်နည်းပညာ၊ ကာကွယ်ရေး၊ ရေတပ်စွမ်းဆောင်ရည်၊ မောင်းသူမဲ့လေယာဉ်စနစ်များအပြင် မြေပြင်တပ်ဖွဲ့၏  စွမ်းဆောင်ရည်များမှာ မကြုံစဖူးတိုးတက်လာသည့်အခြေအနေတွင်ရှိနေသည်ဟုဆိုနိုင်သည်။ထို့ပြင် အီရန်သည် ဒေသတွင်းပဋိပက္ခကြီးတစ်ခုဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်တွင်လည်းပါဝင်နေကာ ကိုယ်စားစစ်ပွဲဆင်နွှဲနေပြီး အစ္စရေး၏ရပ်တည်မှုကို အစဉ်တစိုက်ခြိမ်းခြောက်နေသော လက်ဘနွန်မှ  ဟစ်ဇဘိုလာ ပြောက်ကျားတပ်ဖွဲ့များ၊ ပါလက်စတိုင်းမှစစ်သွေး<ကအဖွဲ့များအပေါ်စစ်ရေးနှင့်နိုင်ငံရေးအရ လွှမ်းမိုးထားနိုင်ပြီဖြစ်သည်။ထို့အတွက်ကြောင့်  ဒေသတွင်းနိုင်ငံအချို့နှင့်အနောက်နိုင်ငံများက  အီရန်ကို ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအပေါ်ကြီးစွာခြိမ်းခြောက်နေသည့်နိုင်ငံအဖြစ် စွပ်စွဲပြောဆိုနေခြင်းဖြစ်သည်။

လတ်တလောတွင်မူ  အိုမန်ကမ်းလွန်တွင်ဖြစ်ပွားသည့်  မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်မှုက မည်သည့်နိုင်ငံ သို့မဟုတ်အဖွဲ့အစည်း၏   လက်ချက်ဖြစ်သည်ကို အတိအကျမသိရသေးပေ။သို့သော်လည်း ထိုဖြစ်စဉ်သည် အီရန်၏လက်ချက်ဖြစ်သည်ဟု  အစ္စရေးနှင့်အနောက်နိုင်ငံများက အတိအကျစွပ်စွဲထားသည်။ထိုသို့စွပ်စွဲထားသည့်အပြင် အီရန်၏တိုက်ခိုက်မှုကို   တုံ့ပြန်နိုင်ရေးအတွက် အမေရိကန်အစိုးရအနေဖြင့်  မဟာမိတ်နိုင်ငံများ၊ ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြောသည်။တစ်ချိန်တည်းမှာပင်   အီရန်၏ခြိမ်းခြောက်မှုများကို ဖယ်ရှားနိုင်ရေးအတွက် တစ်နိုင်ငံတည်း   လုပ်ဆောင်သွားဖွယ်ရှိသည်ဟုလည်း  အစ္စရေးဝန်ကြီးချုပ်ကထုတ်ဖော်ပြောထားသေးသည်။ထို့ကြောင့် မည်သူ့လက်ချက်မှန်းမသိရသေးသည့်  လောင်စာဆီတင်သင်္ဘောတိုက်ခိုက်ခံရမှုသည်  ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို  လျော့ပါးစေနိုင်သည့်အပြင် သက်ဆိုင်ရာနိုင်ငံများကြားတင်းမာမှုများကိုပါ မြင့်တက်လာစေနိုင်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။