ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေနိုင်မည်

ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေနိုင်မည်

နေပြည်တော်၊ အောက်တိုဘာ - ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ဘားအံမြို့ ဇွဲကပင်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ နှင့် ဦးအောင်နိုင်ဦး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံမြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ပြည်နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများ ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေနှင့် နည်းပညာ ထောက်ပံ့ပေးထားမှု၊ ဒေသတွင်း အောင်မြင်ပြီး အလားအလာရှိ သည့် ထုတ်ကုန်ပစ္စည်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ကရင်ပြည်နယ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇော်ဌေး၊ ပြည်နယ်စိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစောစေးထူး၊ ပြည်နယ်မွေးမြူရေးလုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း တို့မှ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် နိုင်ငံ တော်မှ ကူညီပေးနေမှုများအပေါ် ကျေးဇူးတင်ရှိမှု၊ ဒေသတွင်းရှိ တောင်သူများအနေ ဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့် လယ်ယာလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလို မှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရန် လိုအပ်မှု၊ မျိုးကောင်းမျိုးသန့်များလိုအပ်မှုနှင့် လုပ်ငန်းများတိုးချဲ့နိုင်ရန်အတွက် မြေလို အပ်ချက်ရှိမှု၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ရာဘာစိုက်တောင်သူများအတွက် ဓာတ်မြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိလိုမှု၊ စိုက်ပျိုးရေးချေးငွေများ ရရှိလိုမှုနှင့် ရော်ဘာနှင့် ပတ်သက်၍ အဆင့်မြင့် နည်းပညာသုံးစက်ရုံများလိုအပ်မှု၊ ဒေသမှ ထွက်ရှိသည့် ပြောင်းများကို ပြည်ပသို့ လွယ်ကူစွာ တင်ပို့နိုင်ရေး သတ်မှတ်ချက်များအား ဖြေလျှော့ပေးစေလိုမှု၊ ကုန်စည် စီးဆင်းမှုများ ပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ဘားအံမြို့တွင် ကုန်စည် ဒိုင်၊ ပွဲရုံ၊ ကားကြီးကွင်း တို့ကို ဆောင်ရွက်ပေးစေလိုမှု၊ ရေကြီးရေလျှံမှုများ မရှိစေ ရေးအတွက် သံလွင်မြစ်ကမ်းနံဘေးရှိ ပိတ်ဆို့နေသည့် တူးမြောင်းများကို ပြန်လည် တူးဖော်ပေးစေလိုမှု စသည်တို့နှင့် ပတ်သက်၍ အသီးသီး တင်ပြဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပေးကြပြီး ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိမှု၊ ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးထိခိုက်ခဲ့မှု ဖြစ်စဉ်များအပေါ် လုပ်ငန်းရှင်များ အနေဖြင့် သင်ခန်းစာယူဆောင်ရွက်ကြရန်လိုအပ်မှု၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များအပေါ် ကန့်သတ်ချက်များ များစွာ ဖြေလျှော့ပေးထားမှု၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသည်ဖြစ်သော်လည်း တရားမဝင်ကုန်သွယ်မှုများ ရှိနေသေးသည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုကို ဝိုင်းဝန်းတိုက်ဖျက်ကြရန် လိုအပ်မှု၊ ကရင်ပြည်နယ်သည် ကော်ဖီသီးနှံကို အဓိကသီးနှံအဖြစ် စိုက်ပျိုးပြီး ပြည်ပသို့ တင်ပို့နိုင်မည့် အခြေအနေကောင်းကို ပိုင်ဆိုင်ထားရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လိုအပ်သည့် နည်းပညာ နှင့် အခြားအခက်အခဲများကို ဖြည့်ဆည်းပေးလျက်ရှိမှု၊ ဒေသထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ပြည်ပသို့ တင်ပို့ခြင်းထက် ဝင်ငွေပိုမိုရရှိနိုင်မည့် တန်ဖိုးမြင့်ကုန်ချော အဖြစ် ထုတ်လုပ်နိုင်ရေး စက်ကိရိယာများနှင့် နည်းပညာများကို ဖြည့်ဆည်းပေးလျက် ရှိမှု၊ ကျေးရွာနေပြည်သူလူထု ဝင်ငွေတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် သမဝါယမအသင်းများ အစုအဖွဲ့များဖွဲ့၍ လိုအပ်သည်များကို ကူညီ ပံ့ပိုး ပေးလျက်ရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစုများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိမှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ပြန်လည် ဆွေးနွေး ပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပြည်နယ်မှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက် ၍ ပြန်လည်ဆွေးနွေးပြောကြားသည်။
နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်ပြီး ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားရန်နှင့် ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးမူဝါဒ သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး နိုင်ငံတော်မှ စီးပွားရေးဆိုင်ရာမူဝါဒများကို ချ မှတ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဗဟိုမှ ချုပ်ကိုင်သောစနစ်မဟုတ်သကဲ့သို့ စီမံကိန်းစီးပွားရေးစနစ်မဟုတ်သောကြောင့် အစိုးရအနေဖြင့် မူဝါဒပိုင်းကို ကြပ်မတ် ထိန်းကြောင်းပေးခြင်းဖြစ်သဖြင့် လုပ်ငန်းများအောင်မြင်စေရေးအတွက်ကိုမူ လုပ်ငန်း ရှင်များက ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံ့စီးပွားရေးမပြိုလဲရန် နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား မထိခိုက်စေရန် ဝင်ရောက်ထိန်းကြောင်းမှုများကို လုပ်ဆောင်ပေးရကြောင်း။
ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်
စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု ဟူ၍ ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားကောင်းလာမှသာလျင် စီးပွားရေးဖွံ့ဖြိုးလာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရောင်းဝယ်မှုတွင် ရောင်းလိုအားနှင့် ဝယ်လိုအား မျှတမှုမရှိပါက ကုန်ဈေးနှုန်းများ ကြီးမြင့်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသ တွင်းမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ပိုမိုခိုင်မာစေမည်ဖြစ် ကြောင်း၊ ကုန်ကြမ်းထွက်ရှိမှုကို ခိုင်မာအောင်ဆောင်ရွက်ထားနိုင်မှသာလျင် ကုန်ချော ထုတ်လုပ်မှုသည်လည်း စဉ်ဆက်မပြတ်ရှိမည်ဖြစ်ပြီး ဈေးကွက်ခိုင်မာမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့် မြေပေါ်မြေအောက်သယံ ဇာတ ကုန်ကြမ်းပစ္စည်းများ ကြွယ်ဝပြီးဖြစ်ကြောင်း၊ တွင်းထွက်ပစ္စည်းများမှ ထုတ်ကုန်များ ထုတ်လုပ်၍ရပြီး ကရင်ပြည်နယ်အတွင်း ထုံးကျောက်ပေါများစွာ ထွက်ရှိသဖြင့် ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း။
ဆန်ဖူလုံမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ်သည် ဆန်ဖူလုံမှု ၈၀ ရာခိုင်နှုန်းခန့်ရှိ ကြောင်း၊ စပါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း မဖြစ်မနေဆောင်ရွက်သင့် ပြီး ဒေသတွင်းဆန်ဖူလုံမှုရှိစေရေးအတွက် တစ်ဧကချင်းအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် ၄ ချက်ကို လိုအပ်ကြောင်း၊ စိုက်ပျိုးမြေများကို စက်ယန္တရားများဖြင့် ထွန်ယက်စိုက်ပျိုးနိုင် သည့် ခေတ်မီစိုက်ပျိုးမြေ ဧကကွက်၊ ဟတ်တာကွက်များအဖြစ် ပြုပြင် ဖော်ဆောင်ရန်လို ကြောင်း၊ မျိုးအရေအတွက်မျိုးစုံကို အများအပြားစိုက်ပျိုးခြင်းထက် ဒေသတွင်း မျိုးကောင်းစပါးမျိုးများကို များများစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ အထွက်နှုန်းများ တိုးတက်ရေးအတွက် စိုက်နည်းစနစ်များ ကောင်းမွန်ရန်လိုအပ်သကဲ့သို့ စိုက်ပျိုးရေနှင့် အောင်ရေများလည်း လုံလောက်စွာ ရရှိရန်လိုကြောင်း၊ စိုက်ပျိုးတောင်သူများ လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများ ရရှိစေရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ ဒေသတွင်းရှိ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်၍ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်း များကိုလည်း ဇီဝမြေဩဇာများအဖြစ် အသုံးပြု၍ရကြောင်း၊ သစ်စိမ်းမြေဩဇာနှင့် အီးအမ်ဘိုကာချီ များကိုလည်း သဘာဝမြေဩဇာများအဖြစ် အသုံးပြု၍ရကြောင်း၊ စပါးကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိလာသည့် ဆန်ကွဲ၊ ဖွဲ များကိုအသုံးပြု၍လည်း တိရစ္ဆာန် အစာများထုတ်လုပ်၍ရနိုင်ကြောင်း၊ ကရင်ပြည်နယ်အတွင်း အရည်အသွေး ကောင်းမွန် သည့် ဆန်စက်ရှိရန်လိုအပ်နေသည်ကို တွေ့ရှိရပြီး တန်ဖိုးမြင့်ဆန်ထုတ်ကုန်များ ရရှိစေရေးအတွက် ဒေသတွင်း အရည်အသွေးကောင်းမွန်သည့် ဆန်စက်များရှိရန် လိုကြောင်း၊ ဆန်မှ အခြားစားသောက်ကုန်များစွာကိုလည်း ထုတ်လုပ်၍ရသဖြင့် နည်း ပညာ ရယူ၍ ဆန်နှင့်ပတ်သက်သည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဒေသတွင်းမှ ထွက်ရှိလာသည့် ပြောင်းထွက်ကုန်များကိုလည်း ကုန်ကြမ်းအဖြစ် ပြည်ပသို့တင်ပို့ခြင်းထက် ကုန်ချော အဖြစ် ပြောင်းလဲထုတ်လုပ်ပြီး တင်ပို့မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ ကရင်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းပြီး စက်မှု လုပ်ငန်းများအတွက် အခြေခံကောင်းများရှိပြီးဖြစ်သည့် ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အုန်းစိုက်ပျိုးမှုများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍လည်း အုန်းထွက် ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်၍ရနိုင်မည်ဖြစ်ကြောင်း။
ရာဘာစိုက်ပျိုးမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ်အတွင်း စိုက်ပျိုးဧက ၂ သိန်း ကျော်ခန့်ရှိသည်ကို တွေ့ရှိရကြောင်း၊ ရာဘာကိုအခြေခံသည့် ကုန်ချောပစ္စည်းများကို ဒေသတွင်း ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် တိရစ္ဆာန် သားရေများကိုလည်း အကျိုးရှိစွာအသုံးချရန်လိုကြောင်း၊ ကရင်ပြည်နယ် အတွင်း ရာဘာနှင့် တိရစ္ဆာန်သားရေများကို အသုံးပြု၍ လူသုံးဖိနပ်အပါအဝင် အခြား တန်ဖိုးမြင့် ကုန်ချောပစ္စည်းများထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေး အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ပြင် ကရင်ပြည်နယ်အတွင်း ဝါးများ ပေါများစွာထွက်ရှိသည့်အတွက် ဝါးကိုအသုံးပြု၍ ပျော့ဖက်၊ စက္ကူများအပါအဝင် အခြား လူသုံး ကုန် ပစ္စည်းများစွာကို ထုတ်လုပ်၍ရနိုင်မည်ဖြစ်ပြီး ဝါးကိုအခြေခံသည့် ထုတ်ကုန်များကို ဆောင်ရွက်နိုင်မည်ဆိုပါကလည်း ဒေသအတွက် များစွာအကျိုးရှိ စေမည်ဖြစ်ကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဘဲမွေးမြူ ခြင်းလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက်ကြကြောင်း၊ ဘဲကိုစနစ်တကျ မွေးမြူမည်ဆိုပါက ဘဲကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက် ၍ရကြောင်း၊ အလားတူ ငါးမွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျမွေးမြူကြစေ လိုကြောင်း၊ မွေးမြူရေးငါးများကို လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်း စားသုံးမှု ဖူလုံစေသည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချ၍ရကြောင်း၊ အသားစား နွားနှင့် ဝက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့် မြေလွတ်မြေရိုင်းများစွာရှိပြီး စနစ်တကျ မွေးမြူမည်ဆိုပါက ကရင်ပြည်နယ်၏ မွေးမြူရေးထုတ်ကုန်တစ်ခုကို ထုတ်လုပ်နိုင်မည်ဖြစ်ကာ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ဒေသ တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ MSME လုပ်ငန်းများဖြင့် ကုန် ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေး လုပ်ငန်း များ များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
သွင်းအားစုနှင့်ပတ်သက်၍ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မောင်းဆီနှင့် လျှပ်စစ်ဓာတ်အားများ လိုအပ်ကြောင်း၊ စက်မောင်းဆီများ လုံလောက်စွာရရှိရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်မောင်း ဆီများချွေတာနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာထုတ်လုပ်နိုင်ပါက သယ်ယူပို့ဆောင်ရေးတွင်သာမက စက်မှုလုပ်ငန်းများ လည်း များစွာတိုးတက်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သည့် စိုက်ပျိုးရေများရရှိရေးဆောင်ရွက်ရာတွင် နေရောင်ခြည်စွမ်းအင် သုံး မြစ်ရေတင်လုပ်ငန်းများဖြင့်ဆောင်ရွက်၍ရကြောင်း၊ အလားတူ‌ဒေသတွင်းရှိပြီး ဖြစ်သည့် ရေအရင်းအမြစ်များကို အသုံးချ၍ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း။
ရင်းနှီးမြှုပ်နှံငွေနှင့်ပတ်သက်၍ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်မှ ချေးငွေ များထုတ်ပေးခဲ့ပြီး အချို့သောလုပ်ငန်းရှင်များမှာ ပြန်လည်ပေးဆပ်ခြင်းမရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးချေးငွေများနှင့် MSME လုပ်ငန်းများအတွက် ချေးငွေများကို ထုတ်ပေးနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးယူထားသည့် ငွေများကို သတ်မှတ်ကာလများ အတွင်း နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွား မည် ဖြစ်ကြောင်း။
လူသားအရင်းအမြစ်ပေါကြွယ်ဝရေး အလေးပေးဆောင်ရွက်
လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရေးအတွက် အရည်အချင်း ပြည့်ဝသည့် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေး အားနည်းမှုများရှိသဖြင့် ကျွမ်းကျင်လုပ်သားများ နည်းပါးသည်ကို တွေ့ရှိရနိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာ ဆိုင်ရာများနှင့် ပတ်သက်၍ အထက်တန်းကျောင်းများတွင် သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဘားအံမြို့၌ စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးသိပ္ပံတို့ကိုလည်း ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပညာတတ်များပေါကြွယ်ဝမှသာလျင် လူသားအရင်း အမြစ်များ ပေါများလာမည်ဖြစ်သဖြင့် ကရင်ပြည်နယ်အတွင်း၌လည်း ပညာတတ်များ ပေါများစေရေး ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ တော် အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားစေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး မိမိတို့ဒေသအတွင်း လူသားအရင်းအမြစ်များ ပေါများ လာစေရေးအတွက်လည်း ဒေသခံများက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း။
အိမ်သာလျင် ဧည့်လာမည်
ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ ကရင်ပြည်နယ်သည် သဘာဝအလှ အပများ များစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး အဆိုပါအခြေခံကောင်းများကို အသုံးချ ၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်၍ရကြောင်း၊ အိမ်သာလျင် ဧည့်လာမည်ဖြစ်သဖြင့် ဒေသအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို စွဲဆောင်နိုင်သည့် သာယာလှပသော ပတ်ဝန်းကျင်ကောင်းများရှိစေရေး၊ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံစိတ်ချရသည့် ပြည်နယ်တစ်ခု ဖြစ်စေရေးကို ဒေသခံများ၊ ဒေသတွင် လာရောက်အမှုထမ်းနေကြသည့် နိုင်ငံ့ဝန်ထမ်း များ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသမှထွက်ရှိသည့် ရိုးရာအစားအစာများကိုလည်း သန်ရှင်းသပ်ရပ်စွာဖြင့် ဖွယ်ဖွယ်ရာရာပြုလုပ်၍ ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ခရီးသွားကဏ္ဍတိုးတက်စေရေး အတွက် နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပြီး အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်လို ကြောင်း။
လုပ်ငန်းများအားလုံး မိမိတို့၏ လုပ်ငန်းတစ်ခုချင်းစီအလိုက် စည်းကမ်း စနစ် တကျဖြင့် အားထည့်၍ ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများအောင်မြင်မည်ဖြစ် ကြောင်း၊ ကရင်ပြည်နယ်အတွင်း ရှိပြီးဖြစ်သည့် အခြေခံကောင်းများကိုအသုံးချ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်းစီးပွားရေး လုပ်ငန်းများတိုးတက်လာ ပြီး ဒေသခံများ၏ လူမှုစီးပွားဘဝသည်လည်း ပြောင်းလဲလာမည်ဖြစ်ကာ ဒေသ သည်လည်း အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် ဘားအံမြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ဒေသရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေး ရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဘားအံစက်မှုဇုန်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုဖြစ်သည့် Precision Auto Engineering Co.,Ltd သို့ ရောက်ရှိကြရာ ကုမ္ပဏီမှ စီမံရေးရာမန်နေဂျာဖြစ်သူ ဦးမျိုးသီဟ နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် ရှင်းလင်းဆောင်တွင် Precision Auto Engineering Co.,Ltd အနေဖြင့် မြန်မာနိုင်ငံရှိ ဒေသအားလုံးသို့ Bajaj အမှတ်တံဆိပ် သုံးဘီးမော်တော် ယာဉ်များအား ရောင်းချပေးလျက်ရှိမှု၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုနှင့် ပရဟိတ လူထုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီအတွင်း သုံးဘီးမော်တော်ယာဉ်များ၊ မော်တော်ယာဉ် များကို တပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံလေ့လာခဲ့ပြီး တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။