နစ်မြုပ်သွားသည့် အင်ဒိုနီးရှား ရေငုပ်သင်္ဘောကို ပြန်ရှာတွေ့ ၊ စစ်သည် ၅၃ ဦးစလုံး သေဆုံး

ဧပြီ ၂၁ ရက်နံနက်ပိုင်းတွင် တော်ပီဒိုပစ်ခတ်စဉ် လုပ်ဆောင်ရန်   ရေအောက်ငုပ်လျှိုးကာ အဆက်အသွယ်ပြတ်တောက် ပြီးနောက် နစ်မြုပ်သွားသည့် အင်ဒိုနီးရှား ရေငုပ်သင်္ဘောကို ဧပြီ ၂၅ ရက်တွင် ပြန်ရှာတွေ့ပြီဖြစ်ကြောင်းနှင့်  ရေငုပ်သင်္ဘောတွင်တာဝန်ထမ်းဆောင်နေသည့်   စစ်သည် ၅၃ ဦးစလုံး သေဆုံးသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှား တပ်မတော် အကြီးအကဲက ပြောသည်။

ရေငုပ်သင်္ဘောရှာဖွေရေး အဖွဲ့သည် ရေငုပ်သင်္ဘော၏ မျက်မြင်ဓာတ်ပုံများကို ရရှိလာကြောင်း၊  ထိုဓာတ်ပုံများတွင်တွေ့ ရှိရသည်မှာ ရေငုပ်သင်္ဘော၏ တက်မနှင့် ကျောက်ဆူးများကဲ့သို့ အစိတ်အပိုင်းများ ဖြစ်ကြောင်း    လေတပ်ဗိုလ်ချုပ်ကြီး ဟာဒီဂျာဂျန်တိုက ပြောသည်။

ရေငုပ်သင်္ဘောရှာဖွေရေး အဖွဲ့တွင် အင်ဒိုနီးရှား စစ်ရေယာဉ် အနည်းဆုံး ၂၅ စင်း ပါဝင်ပြီး    အခြားနိုင်ငံများကလည်း စစ်ရေယာဉ်များကို စေလွှတ်ထားသည်။

ထိုစစ်ရေယာဉ်များအနက် စင်ကာပူနိုင်ငံမှ ကယ်ဆယ်ရေး ရေယာဉ်က ဧပြီ ၂၅ ရက်အစောပိုင်းတွင် ရောက်ရှိလာကာ နံနက် ၇ နာရီတွင် အဆိုပါ စစ်ရေယာဉ်မှ အဝေးထိန်းယာဉ်က   ရှာဖွေမှု လုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြစ်ပြီး နံနက် ၉ နာရီတွင် အနက် မီတာ ၈၅ဝ ရှိ ရေငုပ်သင်္ဘော၏ မျက်မြင်ဓာတ်ပုံများကို ရရှိလာခြင်းဖြစ်သည်။

ထိုမျက်မြင်ဓာတ်ပုံများအရ    ရေငုပ်သင်္ဘောသည် သုံးပိုင်း ကွဲထွက်သွားကြောင်း၊ သင်္ဘောကိုယ်ထည်၊ ပဲ့ပိုင်းနှင့် ပင်မကိုယ်ထည်ပိုင်းတို့ ဖြစ်ပြီး ပင်မကိုယ်ထည်ပိုင်းတွင် အက်ကွဲကြောင်းကို တွေ့ရှိရကြောင်း ရေတပ်ဦးစီးချုပ်  ဗိုလ်ချုပ်ကြီးယူဂိုမာဒိုနိုကပြောသည်။

ယခုကဲ့သို့ ရေငုပ်သင်္ဘော နစ်မြုပ်ရခြင်းသည် လူလုပ်အမှားကြောင့် မဟုတ်ကြောင်း၊ သင်္ဘောက ရေအောက်သို့ ငုပ်သွားချိန်တွင် မှန်ကန်သည့် လုပ်ရိုးလုပ်စဉ်များအတိုင်းဆောင်ရွက်သွားခြင်း ဖြစ်ကြောင်းနှင့် ထိုသို့ နစ်မြုပ်ရသည့် အကြောင်းရင်းကို   စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ရေငုပ်သင်္ဘော နစ်မြုပ်ရသည့် သတင်းကို ကြားရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ကြောင်း၊ အထူးသဖြင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်း၊ ရေငုပ်သင်္ဘောတွင် ပါဝင်သွားသည့် တပ်ဖွဲ့ဝင်များ အားလုံးသည် အင်ဒိုနီးရှားနိုင်ငံ၏ သားကောင်းများနှင့် သူရဲကောင်းများ ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောသည်။

ယခုနစ်မြုပ်သွားသည့် အင်ဒိုနီးရှား ရေငုပ်သင်္ဘော၏အမည်မှာ    KRI  Nanggala 402 ဖြစ်ပြီး ဂျာမနီနိုင်ငံလုပ် ခေတ်ဟောင်း ရေငုပ်သင်္ဘောဖြစ်ကာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၄ဝ ကျော် နေပြီဖြစ်ကြောင်း သိရသည်။