နတ်တလင်းမြို့နယ်၊ စမ်းကြီးကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ အကြမ်းဖက်သူများထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၃ ဦးသေဆုံး၊ ဆရာ၊ ဆရာမ ၅ ဦး ဒဏ်ရာရရှိ

နေပြည်တော်၊ ဇွန် - ၅

နိုင်ငံအတွင်းရှိ အနာဂတ်ရင်သွေးငယ်များအား အသိပညာ၊ အတတ်ပညာများ တိုးတက်စေရန်အတွက် အခြေခံပညာကျောင်းများအား ဖွင့်လှစ်သင်ကြားပေးလျက် ရှိသော်လည်း မသမာသူ အကြမ်းဖက်သမားများက ၎င်းတို့၏ တစ်ပါတီ ကိုယ်ကျိုး စီးပွားအတွက် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ စမ်းကြီးကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဇွန် ၄ ရက် မွန်းလွဲပိုင်းတွင် ကျေးရွာမှ ဒေသခံပြည်သူ ၆ ဦး၊ ဆရာ၊ ဆရာမ ၅ ဦးတို့သည် ကျောင်းဝန်းအတွင်း အဆောက်အဦ ဆောက်လုပ်ရန်အတွက် လှည့်လည်ကြည့်ရှု နေစဉ် ကျောင်းခြံစည်းရိုးအနီးရှိ ဝါးပုံပေါ်၌ ကျွတ်ကျွတ်အိတ်အနက်ရောင် ၁ လုံး တွေ့ရှိသဖြင့် ကျေးရွာနေ ဦးမျိုးဦးက ဆွဲယူကြည့်ရှုခဲ့ရာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ဦးမျိုးဦးနှင့် အနီးရှိ ဦးသန်းဝင်း တို့ ၂ ဦးမှာ နေရာ၌ပင် သေဆုံးခဲ့ပြီး ဦးဇော်မိုးအောင်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် နေအိမ် သို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးခဲ့ပြီး ဆရာ၊ ဆရာမ ၅ ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာများရရှိခဲ့သည့် ဆရာ၊ ဆရာမများသည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါစမ်းကြီးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ကျောင်းတက်နေမှုအပေါ် အဖျက်အမှောက်ဆောင်ရွက်လိုသူ များက အကြမ်းဖက်အဖွဲ့အစည်းများ၏ အလေ့အထများအတိုင်း အကြမ်းဖက်ပြုမှု ဆောင်ရွက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူလူထုများ သေဆုံးခဲ့ရခြင်းဖြစ်ပြီး  ပြည်သူ များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများအား ရွံရှာစက်ဆုပ်လျက်ရှိကြောင်း သိရှိ ရသည်။