နယူးဇီလန်က ရေကြီးနိုင်သည့် ကန်တာဘယ်ရီ ပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာ

နယူးဇီလန် တာဝန်ရှိသူများက  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနိုင်ပြီး လူထောင်ပေါင်းများစွာ နေအိမ်စွန့်ခွာရနိုင်သည့် ကန်တာဘယ်ရီပြည်နယ်ကို မေ  ၃ဝ  ရက်တွင်   အရေးပေါ် အခြေအနေ ကြေညာသည်။

သဘာဝဘေးကို ဆိုးဝါးစွာ ခံစားနေရသည့်  နိုင်ငံတောင်ပိုင်း ဒေသ၌  အိမ်ထောင်စု  ၃ဝဝဝ  ခန့်မှာ အန္တရာယ်ရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ဒေသခံများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရေးအတွက် တပ်ဖွဲ့ဝင် များကို အကူအညီတောင်းထားကြောင်း အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးကပြောသည်။      

အဆိုပါပြည်နယ်၌ မေ ၃၁ ရက်အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပြီး တာဝန်ရှိသူများအနေဖြင့် မြစ်ရေအခြေအနေကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နယူးဇီလန်မိုးလေဝဌာနကမူ ထိုပြည်နယ်၌ မိုးရေချိန်မီလီမီတာ ၃ဝဝ အထိ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းကာ ရှားရှားပါးပါး အဖြစ် အနီရောင် သတိပေးချက် ထုတ်ပြန်ထားသည်။

အကယ်၍ ပြည်နယ်အတွင်းရှိ အက်ရှဘာတန် မြစ်ကမ်းပါးများ ပြိုကျပါက ဒေသခံ ၄ဝဝဝ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးရနိုင်ကြောင်း အက်ရှဘာတန် မြို့တော်ဝန်က ပြောသည်ဟု သိရသည်။