နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၁၈

              တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

              အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ဉီးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအောင်နိုင်ဉီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့် စနစ် ဖြင့်တက်ရောက် ကြသည်။

              ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ခဲ့ပြီး နိုင်ငံတော် တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျှက်ရှိရာတွင် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက် (၃)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 

              စီးပွားရေးဦးတည်ချက်များကို နိုင်ငံတော်၏မူဝါဒနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတွင်အဟန့်အတားဖြစ်စေသည့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းကျဆင်းစေရေးအတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် နောက်ဆုံးအခြေအနေနှင့် အညီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိထိ ရောက်ရောက် အရေးယူနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်လမ်းညွှန်မှာကြား ခဲ့ကြောင်း၊ ထိုသို့လမ်းညွန်မှာကြားခဲ့သည်မှာ(၁)နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ (၁)နှစ်တာ ကာလအတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှု များကို အတိုင်းအတာတစ်ရပ်အထိ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ယခင်နှစ်ကာလတူများနှင့် နှိုင်းယှဉ်လိုက်ပါက လည်း သိသိသာသာ တိုးတက်လာသည်ကို တွေ့ရကြောင်း။

              ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁/၂၀၂၁)ကြိမ်မြောက်မှ (၅/၂၀၂၂)ကြိမ်မြောက်အထိ (၆)ကြိမ်ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်(၁၉၇)ချက် ချမှတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ(၄၂၃၂)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၆၅ဒသမ ၀၅၆) ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ တစ်နှစ်အတွင်း ဖမ်းဆီး ရမိမှု စုစုပေါင်းအမှုတွဲ(၂၂၄၀)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၈ဒသမ၄၅၉)ဘီလီယံ ဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ(၁၉၉၂)မှုနှင့် ခန့်မှန်း တန်ဖိုးကျပ် (၅၆ဒသမ၅၉၇)ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း။

              တရားမဝင်ကုန်သွယ်မှုဖြစ်ရခြင်း အကြောင်းအရင်းများစွာ ရှိသည့်အနက် အခြေခံကျသည့် အကြောင်းအရင်းများဖြစ်သည့် အစိုးရမူဝါဒ (Government Policy)၊ ရောင်းလိုအားနှင့်ဝယ်လိုအား (Supply and Demand)၊ ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု (Transparency and Trade)၊ အကောက်ခွန်လုပ်ငန်းဝန်းကျင် (Customs Environment) စသည့် အချက်များနှင့်တိုင်းတာသည်ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံ မဟာမိတ်အဖွဲ့က သတ်မှတ်ထားကြောင်း။

              နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို စနစ်တကျ ထိန်းကျောင်းနိုင်ရန် အတွက် လိုအပ်သည့်မူဝါဒများကို အခါအားလျော်စွာ ပြောင်းလဲကျင့်သုံးခဲ့ရသည့် အခြေအနေများ ရှိကြောင်း၊ အထူးသဖြင့် မလိုအပ်သည့်ကုန်ပစ္စည်း တင်သွင်းမှုများတွင် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန်အတွက် ကုန်သွယ်မှုမူဝါဒအပြောင်းအလဲများ ပြုလုပ် ရကြောင်း၊ အထူးသဖြင့် ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ(၁၀/၂၀၂၂)အရ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တင်သွင်းရမည့် ကုန်စည်များကို ပို့ကုန်ကရရှိသည့် ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုများအပေါ် အခြေခံပြီး တင်သွင်းခွင့်ပြုသည့် အစီအစဉ်ကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဒီဇင်ဘာလအတွင်း သွင်းကုန်လိုင်စင်လျှောက်ထား မှုများ သိသိသာသာ ကျဆင်းသွားသော်လည်း မြဝတီမြို့ကို တစ်ဘက်နိုင်ငံ၏ ချစ်ကြည်ရေးတံတားမှ ဝင်ရောက်နေသည့် သွင်းကုန်ကုန်တင်ယာဉ် အရေအတွက် အနေဖြင့် သိသိသာသာကျဆင်းသွားခြင်းမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊  ယင်းသည် လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်များ တရားမဝင်နည်းလမ်းများဖြင့် ဆက်လက် ဝင်ရောက်နေခြင်းဖြစ်သည်ဟု ယေဘူယျ ကောက်ချက်ချ၍ရကြောင်း။

              ရောင်းလိုအားနှင့်ဝယ်လိုအားအနေဖြင့် ဈေးကွက်ပေါ်တွင် မူတည်ဖြစ်ပေါ် သည့်အတွက် ထိန်းချုပ်ရန် ခက်ခဲသော်လည်း ကျန်သည့်အချက်များဖြစ်သည့် ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန်လုပ်ငန်းဝန်းကျင်ဆိုင်ရာများတွင် တာဝန်ရှိသည့်ဌာနများက တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်ကို တိုက်တွန်း ပြောကြားလိုကြောင်း။

              နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုတည်ဆောက်ဖော်ဆောင်ရာတွင် Rule of Law “တရားဥပဒေစိုးမိုးရေး” သည်မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးပြီး လုံခြုံမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် ဖမ်းဆီးတားဆီးရေး လုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်၊ အများပြည်သူကိုလည်း ဥပဒေကို လေးစား လိုက်နာရန် တတ်စွမ်းသမျှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများသည် အများပြည်သူအမြင်တွင် အထင် အမြင်မမှားစေရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်သည်ကိုလည်း မှာကြားလိုကြောင်း၊ ယခုကဲ့သို့ ပြောကြားရခြင်းသည်လည်း နေ့စဉ်ဖမ်းဆီးရမိသတင်း တင်ပြနိုင်ရေး  ဟန်ပြ ဆောင်ရွက်ခြင်းထက် အမှန်တကယ် ထိထိရောက်ရောက် တားဆီးစစ်ဆေးပြီး ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်ခြင်းမျိုးကိုသာ ဖြစ်စေလိုသည့် အတွက်  ပြောကြားရခြင်း ဖြစ်ကြောင်း။

              ယခင်ကကုန်သွယ်မှုလမ်းကြောင်းများ၊ စစ်ဆေးရေးစခန်းများ၌ပင် စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် တရားမဝင်ကုန်ပစ္စည်းများ သိုလှောင် နိုင်သည့် သိုလှောင်ရုံနှင့် အဆောက်အဦများကိုပါ သတင်းရယူ ဝင်ရောက်စစ်ဆေး ဖော်ထုတ် ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူခဲ့သည့်အတွက် ကုန်သွယ်မှုလမ်းကြောင်း မဟုတ် သည့်နေရာများတွင် ဖမ်းဆီးရမိမှုများ တိုးတက်လာသည်ကို တွေ့ရကြောင်း။

              တရားမဝင်ကုန်သွယ်မှုများကို အခကြေးငွေရယူပြီး လက်ခံဆောင်ရွက်ပေးနေ သည့် တရားမဝင်ဂိတ်များကို လျှော့ချဖျက်သိမ်းရန် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ပါက တရားဝင် ဝင်/ထွက်ပေါက်များကို ပိုမိုတိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းများက ကုန်သွယ်မှုများကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရန်လိုအပ်ပြီး အခြားတစ်ဖက်တွင် တရားမဝင် ဝင်/ထွက် ပေါက်များ အသုံးပြုရှောင်ကွင်းမှုများကို ထိထိရောက်ရောက် တားဆီးစစ်ဆေးပြီး ပြတ်ပြတ်သားသား အရေးယူသွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် နယ်စပ်တစ်လျောက် တရားဥပဒေစိုးမိုးမှုများ အားကောင်းလာစေရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း။

              မိမိတို့အနေဖြင့် အထူးသတိပြုရမည်မှာ တရားမဝင်ကုန်သွယ်မှုများတွင် တာဝန်ကျဝန်ထမ်းများ ပါဝင်ပတ်သက်မှုမရှိစေရေးပင်ဖြစ်ကြောင်း၊ လာဘ်ပေး လာဘ်ယူ ကင်းရှင်းရေးကို အစည်းအဝေးတိုင်းတွင် ထပ်ကာထပ်ကာ မှာကြားနေသည့်အပြင် ဝန်ထမ်းများ တရားမဝင်ကုန်သွယ်မှုများတွင် ငွေကြေးတောင်းခံခြင်း၊ တံစိုးလက်ဆောင် ရယူခြင်းများမရှိစေရေး သတိပေးညွှန်ကြားမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ အကြိမ်ကြိမ် သတိပေးထိန်းကျောင်းနေသည့်ကြားမှ တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်နေသည့် ဝန်ထမ်းများကို စိစစ်တွေ့ရှိပါက စံနမူနာပြအနေဖြင့် ထိထိ ရောက်ရောက် အရေးယူသွားရမည်ဖြစ်သည်ကို ထပ်လောင်းပြောကြားလိုကြောင်း။ အလားတူ တရားမဝင်ကုန်သွယ်မှု၏ ဆိုးကျိုးများကို အများပြည်သူသိရှိစေရေးတို့အတွက် အသိပညာ ပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း။

              တရားမဝင်ကုန်သွယ်မှုများကို တားဆီးစစ်ဆေးရာတွင် တရားမဝင်ကုန်ပစ္စည်းများ အပါအဝင် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိလျက်ရှိကြောင်း၊ ယခင်ကမူးယစ်ဆေးဝါးများဖမ်းဆီးရမိရာတွင် WY ကဲ့သို့ ဆေးပြားများကို အများဆုံး ဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်သူများသည် ၎င်းတို့၏ ဈေးကွက်အတွင်း အလွယ်တကူ ထိုးဖောက်ဖြန့်ချိရန်နှင့် လူငယ်များကို ဦးတည် ဖျက်ဆီးရောင်းချရန် မူးယစ်ဆေးဝါးများကို အစားအသောက်ပုံစံများအဖြစ်လည်း ပြောင်း လဲထုတ်လုပ်လာသည်ကိုတွေ့ရကြောင်း၊ လူငယ်များအနေဖြင့် အစားအသောက်ဟူသော အသိဖြင့် စူးစမ်းသုံးစွဲကြရာမှ မူယစ်ဆေး၏သားကောင်ဘဝသို့ရောက်ရှိသွားနိုင်ကြောင်း၊ ထို့အတူ လူငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုများပျက်စီးသွားစေနိုင်သကဲ့သို့ မိသားစုဝင်များ စိတ် ပူပန်ဆင်းရဲရသည့် နောက်ဆက်တွဲပြဿနာများပေါက်ပေါက်လာမည်ဖြစ်ကြောင်း၊  ထို့ ကြောင့် မိဘများ၊ မိသားစုဝင်များ အနေဖြင့် မိမိတို့ သားသမီးများ၊ မိသားစုဝင်များ သုံးစွဲ နေသည့် အစားအသောက်များသည် ပုံမှန်ဟုတ်မဟုတ်ကို ခွဲခြားနိုင်သည့် အသိပညာ ဗဟုသုတများ ရှိနေကြရမည်ဖြစ်ကြောင်း။

              တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ဦးဆောင်မှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များဖွဲ့စည်း၍ ထိထိရောက်ရောက် တားဆီးဖမ်းဆီး ဆောင်ရွက် လျက်ရှိပြီး အထိုက်အလျောက် တားဆီးစစ်ဆေးအရေးယူနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီး တားဆီးရာတွင် ပါဝင်ဆောင်ရွက်ကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိတရား ကင်းရှင်း စွာဖြင့် နိုင်ငံအတွက် ရသင့်ရထိုက်သည့် အခွန်အခများ ကောက်ခံရရှိနိုင်ရေးအတွက် စေတနာ အပြည့်အဝထားပြီး ပေးအပ်ထားသည့်တာဝန်ကို ကျေပွန်စွာဖြင့် ဆောင်ရွက် ပေးကြရန်  အလေးအနက် မှာကြားလိုကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ကိုလည်း ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင် ရှိကြောင်းနှင့် ကဏ္ဍအလိုက် ဖော်ထုတ်ချက်များကိုလည်း အခါအားလျော်စွာ ဆက်လက် ပံ့ပိုးပေးသွားရန် မေတ္တာရပ်ခံလိုကြောင်း။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အထူးအဖွဲ့များ၊ သက်ဆိုင်ရာဌာန များအနေဖြင့် ဦးဆောင်ကော်မတီက ညွှန်ကြားမှ၊ သတင်းချပြမှ လိုက်ပါဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ မိမိတို့ရေးဆွဲတင်ပြထားသည့် အစီအမံများအတိုင်း စနစ်တကျ၊ တိတိကျကျ ဆောင်ရွက် သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။

              ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင် က  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ (၅/၂၀၂၂)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြသည်။

              ယင်းနောက် ဉီးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဉီးအောင်သွင်ဉီး၊  ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊  ကုန်သွယ်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိင်္ဂီဇင်၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဉက္ကဋ္ဌများက  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဉီးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)သို့ တင်ပြလာသည့် အမှာစာ များကို ဖတ်ကြားတင်ပြကြသည်။  

              ဆက်လက်၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဉီးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့်  ပြည်ထောင်စု ဝန်ကြီး ဉီးအောင်နိုင်ဉီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

              ယင်းနောက် ဉီးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဉီးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ဆုံးဖြတ်ချက်(မူကြမ်း)ကို ဖတ်ကြားတင်ပြအတည်ပြုချက်ရယူသည်။

              ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  က ရှင်းလင်း  ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ  စကားပြောကြားကာ အစည်းအဝေး ကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။