နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ်  ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အရေးယူဆောင်ရွက်ချက်နှင့်ပတ်သက်၍ အနိုင်ရပါတီအား ထောက်ခံသူများ က ၎င်းတို့၏မကျေနပ်မှုများအား ထုတ်ဖော်ဆန္ဒပြမှုများမှတစ်ဆင့် ယခုအချိန်တွင်ဆူပူ အကြမ်းဖက်မှုများအသွင်သို့ ရောက်ရှိလာကြောင်း၊ မိမိတို့ အနေဖြင့်ဒီမိုကရေစီကျင့်စဉ် နှင့်အညီ တတ်နိုင်သမျှလူအင်အားအနည်းဆုံးဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုတာဝန်ပေး ဆောင်ရွက်ခဲ့ပြီး တပ်မတော်အနေဖြင့် လိုအပ်ချက်ရှိသည့်နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ၏ အနောက်မှနေ၍ ကူညီဆောင်ရွက်ပေးခြင်းနှင့် အခက်အခဲအတား အဆီးများအား ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဆူပူဆန္ဒ ပြမှုဖြစ်စဉ်များ ဖြစ်ပွားမှု နည်းပါးလာသော်လည်း အချို့နေရာများတွင် ဆူပူမှုများသာမက လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်မှုများနှင့် ပြည်သူပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ခက်ခဲစွာဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ ဆူပူဆန္ဒပြသူများက မြန်မာနိုင်ငံရဲတပ် ဖွဲ့စခန်းများကို အကြမ်းဖက် ဝင်ရောက်စီးနင်းခြင်း၊ အုပ်ချုပ်မှုရုံးများ ကိုဝင်ရောက်စီးနင်း ခြင်းနှင့် စက်ရုံအလုပ်ရုံများကို မီးရှို့ဖျက်ဆီးချိန်တို့တွင် လူစုကွဲစေရန်အတွက် ပစ်ခတ် ရှင်းလင်းမှုများပြုလုပ်ချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ဆူပူဆန္ဒပြသူတချို့သေဆုံးပြီး တချို့ဒဏ်ရာရရှိခြင်းများရှိခြင်းကြောင့် မတ်လ ၁၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး(Martial Law) ထုတ်ပြန် ခဲ့ရကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း)နှင့်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာပနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင်လည်း ဆက်လက်ထုတ်ပြန် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းအရသာ ဆောင်ရွက်နေခြင်း ဖြစ်သဖြင့် တတ်နိုင်သမျှစိတ်ရှည်သည်းခံ၍ ထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း ရဟန်း/ သံဃာတော်များကိုပင် ထိခိုက်စော်ကားလာမှုများရှိကြောင်း၊ ဆူပူဆန္ဒပြမှုများသည် မြှောက်ထိုးပင့်ကော် ပြုလုပ်နေသူများနှင့် ငွေကြေး ထောက်ပံ့နေမှုများ ရှိခြင်းကြောင့် ယခုကဲ့သို့ဆူပူဆန္ဒပြမှုအဆင့်မှ အကြမ်းဖက်မှုအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း။ 
ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များတွင် အဓိကတာဝန်ရှိသူများဖြစ်ကြောင်း၊ ယခုအခါဆေးရုံအချို့ပိတ်ထားသော်လည်း ဆေးရုံအများစုမှာ ပြန်လည်ဖွင့်လှစ်ကုသပေးမှုများ ပြုလုပ်နေသည်ကိုတွေ့ရှိရကြောင်း၊ ဆေးရုံများဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင် CDM တွင်မပါဝင်သည့် ဆရာဝန်များအား ဖိအားပေး ဆောင်ရွက်နေမှုများရှိကြောင်း၊ ဆရာဝန်များသည် ယေဘူယျအားဖြင့် စဉ်းစား ချင့်ချိန်နိုင်စွမ်းရှိသူများ ဖြစ်သဖြင့် ပြည်သူများကိုကျန်းမာရေးစောင့်ရှောက်မှုပေးရမည့် မိမိတို့၏ကျင့်ဝတ်များကို လေးစားရန်လိုအပ်ကြောင်း။

တက္ကသိုလ်၊ ကောလိပ်များပြန်လည်ဖွင့်လှစ်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အချို့တက္ကသိုလ်၊ ကောလိပ်များတွင် CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများရှိသည်ကို သိရှိရကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပိတ်ထားသည့် အတွက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် နိုင်ငံတော်အတွက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ တက္ကသိုလ်ဝင်ခွင့်များ စတင်လျှောက်ထားနိုင်ရေး အတွက်လည်း တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ ထုတ်ခွင့်ပြုပေးထားကြောင်း၊ တက္ကသိုလ် ဝင်ခွင့်များဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၏  ပညာရပ်များနှင့်ကိုက်ညီ အောင် ရွေးချယ်ဆောင်ရွက်မှသာ သက်ဆိုင်ရာဘာသာရပ်များကို ထူးချွန်စွာဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် စိစစ်ဆောင်ရွက်ရန် ဝန်ကြီးဌာနသို့ မှာကြားထားပြီးဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် သက်ဆိုင်ရာဘာသာရပ် အလိုက် ပညာရပ်များအား ထူးချွန်စွာသင်ယူနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်ရေးအတွက်လည်း စာကြည့်တိုက်များကိုလည်း ကောင်းမွန်ပြည့်စုံစွာဖြင့် ဖွင့်လှစ်ပေးထားရန်လိုပြီး တက္ကသိုလ်များအဆင့်မြှင့်တင်ရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပညာရေးကောင်းမွန်မှသာ တိုင်းပြည်တိုးတက်မည် ဖြစ်သဖြင့် ပညာရေးကောင်းမွန်အောင် ဝိုင်းဝန်း ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် COVDI-19 ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလာသည်ကို ကောက်ယူထား သည့်အချက်အလက်များအရသိရှိရကြောင်း၊မြို့နယ်များအလိုက်ကူးစက်မှုနှုန်းလျော့နည်းလာ ခြင်းသည် ကောင်းမွန်သည့်အလားအလာပင်ဖြစ်ပြီး COVDI-19 ရောဂါကြောင့်သေဆုံးမှု နှုန်းမှာလည်းလျော့နည်းလာကြောင်း၊ မကြာခင်အချိန်တွင် မိမိတို့နိုင်ငံ၏နှစ်သစ်ကူး ကာလ သို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် နှစ်သစ်ကူးကာလကို အကန့်အသတ်ဖြင့် ခွင့်ပြုနိုင်ရေး စီမံစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း။
မိမိတို့အနေဖြင့် NLD ပါတီမှပုဂ္ဂိုလ်များနှင့်၎င်းတို့နှင့်ပတ်သက်သူများအား စစ်ဆေးမေး မြန်းမှုများပြုလုပ်ရာတွင်လည်း ကောင်းမွန်စွာဖြင့်ထားရှိစစ်ဆေးမေးမြန်း မှုများပြုလုပ်နေ ကြောင်း၊ ဖော်ထုတ်ရရှိသည့် ၎င်းတို့၏ပြောကြားချက်များမှ အချို့ကိုသတင်း ထုတ်ပြန် ပေးခဲ့ပြီးဖြစ်သလို ထပ်မံဖော်ထုတ်ရရှိမှုများကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ အဂတိလိုက်စားမှုများကျူးလွန်ထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး နှင့်ပြည်ထောင်စု အဆင့်တာဝန်ရှိများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူ သွားမည် ဖြစ်ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင်လည်း အဂတိတရားကင်းရှင်းစွာဖြင့် တိုင်းပြည်အကျိုးကို ဆောင်ရွက်သွားရန်လိုကြောင်း။

ဘဏ်များဖွင့်လှစ်မှုနှင့်ပတ်သက်၍ ဘဏ်များအားလုံး ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်မှု မရှိသေးသော်လည်း လိုအပ်သောလုံခြုံရေးစီမံဆောင်ရွက်ပေးပြီး ပြန်လည်ဖွင့်လှစ်ရန် အတွက် မှာကြားထားပြီးဖြစ်ကြောင်း၊ ဘဏ်များစတင်ဖွင့်လှစ်ချိန်ကတည်းက နိုင်ငံတော်မှ သတ်မှတ်ထားသည့် ငွေကြေးမူဝါဒများနှင့်အညီ ဆောင်ရွက်မည်ဟုသဘောတူပြီး ဖြစ်ကြောင်း၊ ဖွင့်လှစ်နိုင်မှုမရှိ သေးသည့် ဘဏ်များကိုလည်း စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဘဏ်များပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဖြစ်နိုင်သည့်နည်းလမ်းများ ကိုစဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ဘဏ်များ၌ငွေကြေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံခြားငွေကြေးများအား နိုင်ငံတော်မှသတ်မှတ် ထားသည့် စည်းကမ်းချက်များကိုကျော်လွန် ဆောင်ရွက်နေမှုများ၊ သတ်မှတ်နှုန်းထားများ ထက်ငွေကြေးများ ကျော်လွန်ချေးငှားထားမှုများကိုလည်း စိစစ်တွေ့ရှိရသဖြင့် ဘဏ်များ စနစ်တကျဖြစ်စေရေး နိုင်ငံတော်ဗဟိုဘဏ်မှ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့်ပတ်သက်၍ ထုတ်လုပ်သည့်လျှပ်စစ်ဓာတ်အားများ အားလုံး သုံးစွဲသည်ကိုတွေ့ရှိရသဖြင့် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ လိုအပ်ချက်များ ရှိနေသည်ဟုသုံးသပ်ရကြောင်း၊ လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများတွင် နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်တွင် Smokeless Industries စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပေါင်းလောင်းရေအား လျှပ်စစ်ထုတ်လုပ်ရေးအား အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်း များနှင့် အခြားလျှပ်စစ်ဓာတ်အားအသုံးပြုလည်ပတ်ရသည့် စက်ရုံ၊ အလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးအတွက်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်ရန် လိုကြောင်း။
မိမိတို့အနေဖြင့် မဲစာရင်းများစိစစ်ရာတွင် မဲမသမာမှုများများစွာဖြစ်ပေါ်ခဲ့သည်ကို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့်လာမည့်ရွေးကောက်ပွဲ သည် လွတ်လပ်၍တရားမျှတပြီး စနစ်တကျရှိစေရေး မိမိတို့အနေဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာန များတွင်လည်း လူဦးရေစာရင်းမှန်ကန်ရေးအတွက် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုကာလများတွင် ကောင်စီဝင်များအနေဖြင့် တာဝန်အသီးသီးခွဲဝေ၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
    ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့က နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အတွက် စစ်အုပ်ချုပ်ရေးအမိန့်(Martial Law)ဒေသများ တိုးမြှင့်ထုတ်ပြန်ရေး၊ အဂတိလိုက်စား မှုများ ဖော်ထုတ်အရေးယူရေး၊ ဘဏ်များဖွင့်လှစ်ရေးနှင့် ငွေကြေးစီးဆင်းမှု မြန်ဆန်စေရေး၊ တိုင်းရင်းသားစာပေ သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအား ပိုမိုထောက်ပံ့ပေးနိုင်ရေး၊ ပြည်သူလူထုအား ထိရောက်စွာအကာအကွယ်ပေးနိုင်ရေး၊ သတင်းထုတ်ပြန်ချက်များအား အထောက်အထား ခိုင်ခိုင်မာမာဖြင့် ထုတ်ပြန်နိုင်ရေး၊ တရားမဝင်ဖွဲ့စည်းထားသော CRPH တွင် ပါဝင်ပတ်သက်နေသူများအား ရှာဖွေဖော်ထုတ် အရေးယူသွားရေး၊ သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများဖော်ဆောင်ပြီး အားပေး ကူညီပေးရေး၊ ရေနံမြေများကို ပုဂ္ဂလိက(သို့မဟုတ်) သမဝါယမစနစ်ဖြင့် တစ်ပိုင်တစ်နိုင် လုပ်ခွင့်ပြုရေး၊ ဘာသာရေးကို အကြောင်းပြု၍ နိုင်ငံရေးဆောင်ရွက်ခြင်းများ မပြုနိုင်စေရေး၊ မီဒီယာများ၏ ထိုးနှက်တိုက်ခိုက်မှုများကို မီဒီယာဖြင့် ထိရောက်စွာတုံ့ပြန်နိုင်ရေး၊ ဆူပူ အကြမ်းဖက်မှု နောက်ကွယ်မှ ထောက်ပံ့နေသည့် ငွေကြေးထောက်ပံ့မှုများ၊ ငွေကြေးစီးဆင်း မှုများကို ဖော်ထုတ်အရေးယူသွားရေး၊ ရပ်ကွက်နှင့်ကျေးရွာ စီမံအုပ်ချုပ်ရေးကော်မတီဝင် ခန့်အပ်ရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်မည့်သူများကို တာဝန်ပေးအပ်နိုင်ရေးနှင့် ၎င်းတို့ကိုအကာအကွယ်ပေးရေး၊ စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရေး၊ အုပ်ချုပ်ရေးယန္တရား ထိထိ ရောက်ရောက် လည်ပတ်နိုင်ရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  ဒီမိုကရေစီ ဖြစ်စဉ်နှင့်အညီ နိုင်ငံတော်စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးအပိုင်းများကို ညင်သာစွာ ကိုင်တွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုစစ်အုပ်ချုပ်ရေးအမိန့် (Martial Law) သတ်မှတ်ထားသည့် မြို့နယ်များ နှင့်ထိစပ်သည့် မြို့နယ်မှပြည်သူများအနေဖြင့်လည်း အချင်းချင်း ထိန်းသိမ်း သွားကြမည်ဟု မျှော်လင့်ကြောင်း၊ မူလကသာမန်ဆန္ဒပြကြရာမှ နောက်ပိုင်းတွင် ငွေကြေး ထောက်ပံ့မှုများ ရှိလာသည့်အတွက် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူအကြမ်းဖက်မှု အဆင့်အထိ ဖြစ်ပွားလာကြောင်း၊ ပြည်ပအဖွဲ့အစည်းအချို့မှလည်း ထောက်ပံ့မှုများရှိလာပြီး နိုင်ငံခြားငွေကြေး စီးဆင်းမှု အပိုင်းတွင် အချို့ဘဏ်များပါ ပတ်သက်မှုရှိလာသဖြင့် စစ်ဆေးနေကြောင်း။

 တိုင်းရင်းသားစာပေ သင်ကြားနေသည့် ဆရာ၊ ဆရာမများအပါအဝင် ဆရာ၊ ဆရာမ များအား အဆင့်နှင့်လျော်ညီစွာ ပိုမိုထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေး ဆောင်ရွက်သွားမည်ကြောင်း၊  တိုင်းရင်းသားဒေသများ ပညာရည်မြင့်မားရေး အတွက် တိုင်းရင်းသားဒေသများရှိ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်သဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကိုလည်း ထောက်ပံ့ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်းကြောင်း ပြုနေသည့် နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး SME လုပ်ငန်း များကိုလည်း အားပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အဆိုပါငွေကြေးများကို မှန်မှန်ကန်ကန် သုံးစွဲရန်လိုကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်၊ ငပလီနှင့် ချောင်းသာဒေသ များကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ရေနံမြေအဟောင်းများ ကို သမဝါယမ (သို့မဟုတ်) ပုဂ္ဂလိကစနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊

ယခုကာလတွင် လုံခြုံရေးနှင့်ပတ်သက်ပြီး ဒေသအလိုက် သတိထားဆောင်ရွက် သွားရန်လိုကြောင်း၊ ပွဲလန့်တုန်းဖျာခင်းလိုသည့်သဘောများလည်းတွေ့ရကြောင်း၊  ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး နှင့် NCA လက်မှတ်ရေးထိုး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၎င်းမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အရေးတွင် အေးအေးချမ်းချမ်းဖြင့် အေးအတူပူအမျှ ဆောင်ရွက်လိုသည့် စိတ်ဓာတ်ထားရှိပြီး အမြင်ရှင်းရှင်းဖြင့် ကြည့်ရန် လိုကြောင်း၊ နိုင်ငံတော်အကျိုးကိုရည်ရွယ်၍ လက်တွဲလုပ်ဆောင်ကြရန် ကောင်စီဝင်များ အနေဖြင့်လည်း တိုက်တွန်းပေးကြရန် လိုအပ်ကြောင်းဖြင့်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။