နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်လမြိုင်မြို့ရှိ မြစေတီစာသင်တိုက် ဆရာတော်ကြီးနှင့် ကျိုက်သလ္လံစေတီတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို၊ မွန်ပြည်နယ် အားကစားဥယျာဉ်တည်ဆောက်ရေးစ

နေပြည်တော် ဇွန် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ရှိ မြစေတီ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဓမ္မာစရိယ ဝိနယ ပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဖူးမြော်ကြည်ညိုကာ သာသနာရေး ဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူကြသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်နှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိကြီး များက စုပေါင်းလှူဒါန်းသည့် ဆန် ၂၀၀ အိတ်၊ ဆီ ၃၀၀ ပိဿာ၊ ပဲ ၃၀၀ ပိဿာ နှင့် နဝကမ္မအလှူတော်ငွေများ၊ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်များပြန်လည်ပေးအပ်ပြီး သာသနာရေးဆိုင်ရာဩဝါဒစကားများ မိန့်ကြားတော်မူသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မေ ၃၁ ရက်ညပိုင်းတွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော် ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်၍ စေတီတော်ရင်ပြင်ပေါ် တွင် နေပူခံကျောက်ပြားခင်းကျင်းထားသည့် အခြေအနေများ၊ ရှေးဟောင်းသမိုင်းဝင် သာသနာ့လက်ရာများကို ထိန်းသိမ်းထားရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှု ကြရာ ဂေါပက ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး များ ကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်လည်း မော်လမြိုင်မြို့၊ မင်းရွာကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် မွန်ပြည်နယ်၊ အားကစားဥယျာဉ် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အားကစားဥယျာဉ်သို့လာရောက်သူများ သွားလာမှု အဆင် ပြေစေရန်အတွက် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ပြည့်မီစွာဖြင့် တည်ဆောက်သွားရန်၊ ရေကူးကန်အား အများပြည်သူလွယ်ကူစွာ လာရောက်နိုင်သည့်နေရာတွင် တည်ဆောက်နိုင်ရေးအတွက် မြို့တွင်း၌ မြေနေရာ ရှာဖွေဆောင်ရွက်သွားရန်၊ အားကစားပြိုင်ပွဲလာရောက်သူများအဆင်ပြေစေရေး အတွက် ယဉ်ရပ်နားသည့်နေရာများ ထည့်သွင်းတည်ဆောက်ရန်နှင့် အခြားလိုအပ်သည်များကို ပြန်လည်ဆွေးနွေးမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေနတ်တောင်တပ်နယ်ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်ရန် ဆောင်ရွက်နေမှုအခြေအနေများ သွားရောက်ကြည့်ရှု ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင် ရွက်ရာတွင် အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး အလေးထားလုပ်ဆောင်သွားရန်နှင့် အနာဂတ်တွင် ကျင်းပပြုလုပ်လာနိုင်သည့် အားက စားပွဲ၊ ချစ်ကြည်ရေးပွဲများကို ရည်မှန်း၍ မြေနေရာအသုံးချမှုများအား စနစ်တကျ တွက်ချက်ကာ အကျိုးရှိရှိအသုံးပြုသွားရန် လိုအပ်သည့် အခြေအနေများအား ပြန်လည် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။