နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၈/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇွန် ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၈/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊  ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်း အောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက် ကြသည်။

ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁)မှတ်တမ်းကို အတည်ပြု သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင်  နိုင်ငံစီးပွားရေးတိုးတက်စေရန်နှင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးရန်အတွက် အစိုးရတွင်တာဝန်ရှိကြောင်း၊ မိမိတို့တာဝန်ယူသည့် အချိန် ကာလအတွင်း လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိစေရန်အတွက် သက်ဆိုင်ရာ တပ်မတော်၊ အုပ်ချုပ်ရေး၊  ဥပဒေရေးရာနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ့ရဲတပ်ဖွဲ့တို့သည် အဓိက ကျကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ တွင် တာဝန်ရှိကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း အဆိုပါပြည်နယ်များတွင် ဝမ်းစာဖူလုံမှုရှိသည်ကို သိရှိရကြောင်း၊ သို့သော်အချို့မြို့နယ်များသည် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများပေါ် တွင် မှီခိုနေသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပြည့်ဝစွာဖြင့် မဆောင်ရွက်နိုင် သဖြင့် ဝမ်းစာဖူလုံမှုမရှိသော်လည်း ပြည်နယ်တစ်ခုလုံးထွက်ရှိမှုအရ ဖူလုံမှုရှိသည်ကို တွေ့ရှိရကြောင်း။

        မိမိတို့နိုင်ငံတွင် နွေစပါးစိုက်ပျိုးဧက ၂ ဒသမ ၆၇ သန်းခန့်၊ မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိပြီး နိုင်ငံအတွင်းဆန်ဖူလုံမှုရှိကာ ပြည်ပသို့ ဆန်တင်ပို့မှုများရှိကြောင်း၊ စိုက်ဧကတိုးချဲ့ ခြင်းမပြုဘဲ ရှိပြီးသားစိုက်ပျိုးမြေများပေါ်တွင် တစ်ဧကချင်းအလိုက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်ပါက ယခုထက်အထွက်နှုန်းပိုမိုတိုးတက်ပြီး ပိုလျှံလာမည်ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးတက်စေရန်အတွက် မျိုးကောင်းမျိုးသန့် ဖြစ်စေရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် သွင်းအားစုများအား ပြည့်ဝစွာ ထည့်သွင်းရေးတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထွက်နှုန်းတိုးအောင် ဆောင်ရွက်ခြင်းဖြင့် တောင်သူများစီးပွားရေးတိုးတက် လာမည်ဖြစ်သောကြောင့် နိုင်ငံ၏အကျိုးစီးပွားလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အခြားဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ ရောက်ရှိရာဒေသအလိုက် မြေကိုအကျိုးရှိစွာအသုံးချနိုင်ရေးအတွက် စိုက်ပျိုးရေး တောင်သူများတစ်ဧကချင်းအလိုက် အထွက်နှုန်းတိုးစေရေးကြိုးစား ဆောင်ရွက်စေရန် အတွက် တိုက်တွန်းအားပေးကူညီကြစေလိုကြောင်း၊ မည်သည့်သီးနှံအပင်များကို စိုက်ပျိုးသည်ဖြစ်စေ စိုက်ပျိုးမြေအား အကျိုးရှိရှိ ပြည့်ပြည့်ဝဝဖြင့် တန်ဖိုးရှိစွာ အသုံးချစေလိုကြောင်း၊ ထို့အတူ မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် မွေးမြူကြရန်လိုအပ်ကြောင်း။

        မြေအသုံးချမှုများနှင့်ပတ်သက်၍ မြို့ပြစီမံကိန်းများနှင့် အိုးအိမ်စီမံကိန်းများ တည်ဆောက်မှုများတွင် လက်တွေ့ဖော်ဆောင်ရာ၌ အပြည့်အဝဆောင်ရွက်နိုင်ခြင်း မရှိဘဲ စိုက်ပျိုးမြေများပျက်ဆီးဆုံးရှုံးမှုများတွေ့ရှိရကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် မြို့ပြစီမံကိန်းများဖော်ဆောင်ရာတွင် မြေကိုအကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ကွက်သစ်များဖော်ဆောင်ရာတွင် ပါဝင်ရမည့်အင်္ဂါရပ် များဖြစ်သည့် အားကစားကွင်းများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဥယျာဉ်များ၊ ဈေးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်နေရာများအား ပြည့်ပြည့်ဝဝထည့်သွင်း၍ အနာဂတ်အတွက် မျှော်မှန်းတည်ဆောက်ရန်လိုအပ်သကဲ့သို့ ထည့်သွင်း စဉ်းစားရမည့် အချက်များအား စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့သစ် တည်ဆောက်ရန် မြေနေရာရွေးချယ်ရာတွင်လည်း စိုက်ပျိုးမြေများ ဆုံးရှုံးမှုမရှိစေရေး စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ရွှေ့ပြောင်းတောင်ယာများ ထပ်မံ မပေါ်ပေါက်စေရေး လိုအပ်သည့် စိုက်ပျိုးရေများရရှိစေရေးအတွက် မြစ်ရေတင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ရေရှားပါးသည့် ဒေသများအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေများ ပြည့်ဝစွာရရှိရေး အလေးထား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

 “ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သစ်တောသစ်ပင်များပြုန်းတီးမှု မရှိစေရေးဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာမရရှိသေးသည့် အတွက် ထင်းနှင့်မီးသွေးသုံးစွဲမှုများရှိနေသေးသဖြင့် ဒေသအလိုက် ထင်းစိုက်ခင်းများ စိုက်ပျိုး၍ သစ်တောပြုန်းတီးမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ သစ်ပင်သစ်တောများပြန်လည်ထိန်းသိမ်းရန်နှင့် သစ်တောပြန်လည် ထူထောင်ရေး လုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ သစ်ပင်သစ်တောများကို ထိန်းသိမ်းခြင်းဖြင့်  ရာသီဥတုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးဒဏ်ထိခိုက်မှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။

စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများလည်ပတ်နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးရန်နှင့် မိမိတို့နိုင်ငံရှိတိုင်းရင်းသားများ ကြီးပွားချမ်းသာ ရေးအပေါ်ဂုဏ်ယူပြီး အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ တည်ငြိမ် အေးချမ်းရေးအတွက် တည်ဆဲဥပဒေများကို ပြည်သူများအားလုံးလေးစား လိုက်နာရန် လိုကြောင်း၊ ဥပဒေများနှင့်အညီဆောင်ရွက်၍ရသည်များကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများအားလုံးစိတ်ချမ်းသာပြီး ဥပဒေအားလေးစား လိုက်နာလာမည်ဖြစ် ကြောင်း၊ ဥပဒေအားလေးစားလိုက်နာမှုအားကောင်းလာပါက တည်ငြိမ်အေးချမ်းမှု ရှိလာမည်ဖြစ်ကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင်အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းအောင် မြင်အောင်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကိုအခြေခံသည့် စက်မှု လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင်ပါဝင်သည့် ဘဏ်လုပ်ငန်းများအရှိန်အဟုန်မပြတ်လည်ပတ်နိုင်ရေး တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ပညာရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအခါကျောင်းများပြန်လည်ဖွင့်လှစ်ထားပြီး ကျောင်း တက်ရောက်သည့်  ကျောင်းသား၊ ကျောင်းသူများ ရာခိုင်နှုန်းအားဖြင့် တိုးတက်လာ ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် တက်ရောက်နေသောကျောင်းသား၊ ကျောင်းသူများ ကျောင်းတက် မပျက်စေရေး အတွက်လည်း အားပေးကူညီဆောင်ရွက်ရန်လိုကြောင်း၊ ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံမှုရှိစေရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် တာဝန်သိပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွင်း စီးပွားရေးကောင်းအောင် ဆောင်ရွက်နိုင်ပြီး  ပညာတတ်များပေါများအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့ လူမှုအသိုင်းအဝိုင်း တိုးတက်လာမည်ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျန်းမာရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေပြီး အခြေခံအားဖြင့် ကျန်းမာ၍ကိုယ်ခံစွမ်းအား ကောင်းမွန်စေရေးအတွက် စားသောက်မှု ပုံစံသည် အရေးကြီးကြောင်း၊ စားသောက်မှုပုံစံပေါ်မူတည်၍ ရှေးယခင်က မိမိတို့နိုင်ငံသား များသည် အခြားနိုင်ငံသားများနည်းတူ ကျန်းမာကြံ့ခိုင်ခဲ့ကြကြောင်း၊ ယခုနောက်ပိုင်းတွင် ကျန်းမာကြံ့ခိုင်မှုနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုများ လျော့ကျလာသည်ကို တွေ့ရ ကြောင်း။

ထို့ကြောင့် မိမိတို့အနေဖြင့် အနာဂတ်ကာလ၌ နောက်မျိုးဆက်များ ကျန်းမာ ကြံ့ခိုင်မှုနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု တိုးတက်စေရေး ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ ဆန်စားသုံးမှုအပြင် ဂျုံကိုပါ စားသုံးနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန်အတွက် အစာအာဟာရကို ပြည့်ဝစွာစားသုံးနိုင်ရေး နှင့် အသားနှင့်ငါးများကို ပြည့်စုံကောင်းမွန်စွာ စားသုံးနိုင်ရေး လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံအတွင်း လူတန်းစားမရွေး အစားအသောက် ဖူလုံစွာ စားသုံးနိုင်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးရမည့်အပြင် စားသောက်မှုပုံစံ ကိုလည်း ကျန်းမာရေးနှင့်အညီ ပြုပြင်ပြောင်းလဲပေးရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် ဆီ၊ အချိုမှုန့် စားသုံးမှုလျှော့ချရန်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာစားသုံးမှုများ လျှော့ချနိုင်ရေး အသိပညာပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ ကျန်းမာသန်စွမ်းပြီး သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် တာဝန်ရှိ သူများအနေဖြင့် ဝိုင်းဝန်းစဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။