နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ  ၂၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့  တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ က Video Conferencing ဖြင့် တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် မည်သည့်နိုင်ငံတွင်မဆို ချမှတ်ထားသည့် နိုင်ငံရေး ဆိုင်ရာမူဝါဒများအား အစိုးရများကအကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ မိမိတို့အနေဖြင့်ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့ရေးနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံသည် သာယာဝပြောသည့်နိုင်ငံ၊ စားရေရိက္ခာပေါများသည့် နိုင်ငံဖြစ်ရန်လိုပြီး မိမိတို့အနေဖြင့် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ ဆောင်ရွက်ရခြင်းမှာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကိုအဓိကထား ဆောင်ရွက်နေရခြင်း ကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက် နိုင်မည်ဆိုပါက စားရေရိက္ခာများ ပေါများမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်သည့် အခြေခံစွမ်းအားစုများ မိမိတို့ပြည်တွင်း၌ အားလုံးရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့်စားရေ ရိက္ခာပေါများရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားရေရိက္ခာထုတ်လုပ် သူများသည် မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းရှိကြောင်း၊ ပြည်ပပို့ကုန်များတွင်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် လုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပဝင်ငွေအများဆုံး ရရှိနေခြင်းဖြစ်ကြောင်း။

          ထိုသို့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသူများသည် ကျေးလက်နေ ပြည်သူများဖြစ်သဖြင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြင့်မား ရေး၊ စီးပွားရေးကောင်းမွန်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများဘဝတိုးတက်စေရေးအတွက် ပြည်နယ်များဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှချမှတ်ထား သည့် မူဝါဒများအရ ကျေးလက်ဖွံဖြိုးရေး၊ ကျေးလက်စီးပွားရေး မြှင့်တင်ရေး၊ ပြည်နယ် များဖွံ့ဖြိုးရေးတို့အတွက် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်ဆောင်ရွက်ပေးရန်လိုကြောင်း။

          ၂၀၁၉ ခုနှစ်ကထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်းအစီရင်ခံစာများအရ ဆောင် ရွက်ရမည့် လုပ်ငန်းများ များစွာရှိကြောင်း၊ အဆိုပါစာရင်းတွင် ၅ နှစ်အထက်လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး ကျောင်းလုံးဝမနေဘူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း၊ အလားတူ ၂၅ နှစ်အထက်လူဦးရေ ၂၅ ဒသမ ၁၆၉ သန်းရှိပြီး အလယ်တန်းအထိ ပညာသင်ကြားခဲ့သူ ၁၈ သန်းကျော်ရှိသဖြင့် ၇ သန်းကျော်ခန့်သာ အထက်တန်းပညာ သင် ကြားမှုရှိကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်း မှု များရှိသည်ကိုတွေ့ရှိရကြောင်း၊ ပညာရေးကိုဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ “အတန်းပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ အတတ်ပညာရမည်” ဖြစ် ကြောင်း၊ လူငယ်များအား ကိုယ့်ခြေလှမ်းပေါ်တွင်ရပ်တည်နိုင်ရေး ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပညာသင်ကြားရေးအား မဖြစ်မနေဆောင်ရွက် ပေးရ မည်ဖြစ်ကြောင်း၊   သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝန်း ကျောင်းမနေဘူးသူ  ၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ကယားပြည်နယ်တွင် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊  မွန်ပြည်နယ်တွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၂၃ ရာခိုင်နှုန်းရှိသဖြင့် အဆိုပါပြည်နယ် ၅ ခုသည် ပြည်ထောင်စု၏ ပျမ်းမျှနှုန်းထက် ပိုမိုများပြားနေသည်ကို တွေ့ရှိရကြောင်း၊ စာရင်းများအရ မြို့ပြ၌ လူ ၁၀၀ ဦးတွင် ၅ ဦး၊ ကျေးလက်နေလူ ၁၀၀ ဦးတွင် ၉ ဦးသည် ကျောင်းတက်ရောက်မှုမရှိသည်ကိုတွေ့ရှိရကြောင်း၊ လူဦးရေနှင့်အသက် အပိုင်း အခြားအရ ၅ နှစ်မှ ၉ နှစ်အတွင်း ၉၂ ရာခိုင်နှုန်းကျောင်းနေသည် ကိုတွေ့ရှိရ သော်လည်း ၁၀ နှစ်မှ ၁၅ နှစ်အရွယ်တွင် မူလတန်းလွန်မှ အလယ်တန်းအဆင့် ၇၂ ဒသမ ၉ ရာခိုင် နှုန်းသာရှိတော့ကြောင်း၊ ၁၆ နှစ်မှ ၂၉ နှစ်အထိ ပညာသင်ကြားသူ ၁၀ ဒသမ ၅ ရာခိုင် နှုန်းသာရှိကြောင်း၊ အသက်အပိုင်းအခြားအရ မူလတန်းပညာသင်ကြား သည့်အရွယ် များသော်လည်း အလယ်တန်းပညာမှ အဆင့်မြင့်ပညာအထိသင်ကြားသူ များ နည်းပါးသွားကြောင်း၊ ထိုသို့နည်းပါးသွားခြင်းတွင် ပညာသင်ကြားရန်အတွက် ငွေကြေးမတတ်နိုင် သူ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ မိဘအလုပ်အား ကူညီနေရသူ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဝင်ရောက်ကူညီပေးရသူ ၇ ဒသမ ၂ ရာခိုင်နှုန်းရှိ ပြီး စုစုပေါင်းရာခိုင်နှုန်း ၅၇ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း၊  အဆိုပါ ကိစ္စရပ်များကို အစိုးရအနေဖြင့် ဝင်ရောက်ကူညီဖြေရှင်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက် နေပြည်သူ ၇၀ ရာခိုင်နှုန်းသည် နိုင်ငံ၏စီးပွားရေး ကို အဓိကထားဆောင်ရွက် ပေးနေခြင်းဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေးကို အဓိကထားမြှင့်တင်ပေးရန်လိုကြောင်း၊ ထို့ကြောင့် တာဝန်ရှိသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အလေးထား ဆောင်ရွက် ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံဆောင်ရွက်လျက် ရှိသော်လည်း စိုက်ပျိုးရေး တက္ကသိုလ် ၁ ခု၊ မွေးမြူရေးနှင့်ကုသရေးဆေးတက္ကသိုလ် တစ်ခုသာရှိကြောင်း၊ အချို့ပြည်နယ်နှင့်တိုင်းများတွင်လည်း စိုက်ပျိုးရေးသိပ္ပံများ ရှိသော်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးပြည့်စုံအောင် မဖွင့်လှစ်နိုင်သေး ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ တိုးတက်မှုရှိစေရန်အတွက်  စိုက်ပျိုးမွေးမြူရေးသိပ္ပံများ ဖွင့်လှစ်ခြင်း၊ ထိုမှတစ်ဆင့် ကောလိပ်များနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အဓိက လိုအပ်ချက်များရှိသည့် နေရာများတွင် တက္ကသိုလ်အဆင့်အထိ ဆက်လက် တိုးမြှင့်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သို့မှသာ ကျေးလက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။

          မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်း များ ကောင်းမွန်စွာရရှိရန်လိုကြောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်များဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် အဆိုပါကိစ္စရပ်များအား အထိုက်အလျောက်အသုံးချနိုင်မည်ဖြစ်ကြောင်း၊  မြေဩဇာအသုံးပြုရာတွင်လည်း သဘာဝမြေဩဇာများနှင့် ဓာတ်မြေဩဇာများလိုအပ် ကြောင်း၊ အထွက်နှုန်းတိုးစေရန်အတွက် ကျန်းမာရေးရှုထောင့်က လက်ခံထားသည့် ဓာတ်မြေဩဇာများကိုလည်း အသုံးပြုနိုင်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မြေဩဇာများရရှိစေရေးအတွက် သဘာဝဓာတ်မြေဩဇာများဖြစ်သည့် Bio Fertilizers များ၊ သစ်ဆွေးမြေဩဇာများ၊ နွားချေးဝက်ချေးမြေဩဇာများနှင့် အီးအမ်ဘိုကာချီမြေဩဇာများသည် ပြည်တွင်း၌ရရှိနိုင်သည့် နည်းလမ်းဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လှောင်မွေးသည့်စနစ်ဖြင့် စနစ်တကျ မွေးမြူရန်လိုအပ်ကြောင်း၊ မိရိုးဖလာမွေးမြူရေး စနစ်များဖြင့် ရောင့်ရဲမနေဘဲ တိုးတက်အောင် နည်းပညာအရဖောက်ထွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ စနစ်တကျမွေးမြူနိုင်ရန်အတွက် အစိုးရအနေဖြင့် တိုက်တွန်းပေးခြင်း၊ ကူညီပေးခြင်း၊ ဆွဲတင်ပေးခြင်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ စိုက်ပျိုးရေး ထုတ်ကုန်များအထွက်နှုန်းတိုး၍ ပြည်ပဝင်ငွေများ တိုးတက်လာပြီး သာယာဝ ပြောသည့် နိုင်ငံတည်ဆောက်နိုင်မည်ဖြစ်ကြောင်း။

         နိုင်ငံတွင်း ဓာတ်မြေဩဇာ လိုအပ်ချက်နှင့်ပတ်သက်၍ ပြောကြားရာတွင် “ပြည်တွင်းမှာ ဓာတ်မြေဩဇာစက်ရုံ (၅) ရုံရှိတယ်။ ဒီ (၅) ရုံထဲက (၂) ရုံက လောလောဆယ်တော့ နည်းပညာအရ အိုဟောင်းတော့ သက်တမ်းသိပ်ကြာသွားတော့ မလုပ်နိုင်တော့ဘူး။ ကျန်တဲ့ (၃) ရုံနဲ့ ထုတ်နေကြတယ်။ မြေဩဇာကို ကျော်စွာရယ်၊ မြောင်းတကာရယ်၊ ပုသိမ်ရယ် (၃) ရုံရှိတယ်။ ကျော်စွာလည်း ဓာတ်ငွေ့ပြဿနာ ကြောင့်ရပ်ထားရတယ်။ ထုတ်ဖို့ကြိုးစားနေပါတယ်။ ဒါတောင်မှ အဲဒီစက်ရုံပါပြီး တော့မှ ထုတ်မယ်ဆိုရင် တစ်နှစ်မှ စွမ်းအားပြည့်လည်ရင် (၃)သိန်းလောက်ပဲ ထုတ်နိုင် တယ်။ ကျော်စွာ စက်ရုံအပါအဝင် ကျော်စွာရယ်၊ မြောင်းတကာရယ်၊ ပုသိမ်ရယ် (၃) ရုံ ကျွန်တော်တို့စီမှာ စောစောကပြောတဲ့ မိုးစပါး (၁၅)သန်း၊ နွေစပါး (၃)သန်း၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါတွေ စိုက်တာတွေ ရှိသေးတယ်။ အများကြီးပဲ။ ဥပမာအားဖြင့် စာရင်းတောင်းကြည့်တာ ဧရာဝတီမြစ်ဘေးနဲ့ ချင်းတွင်းမြစ်ဘေး မှာစိုက်နေတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ဘယ်လောက်ရှိလဲ မေးကြည့်တဲ့ အခါကြတော့ ဧရာဝတီ မြစ်ဘေးနဲ့ ချင်းတွင်းမြစ်ဘေးမှာ မိုးစပါးစိုက်ဧက (၁၀)သန်းနဲ့ (၉)သိန်း ရှိတယ်။ (၁၁)သန်းထားပါတော့။ နွေစပါး (၂)သန်းကျော်ရှိတယ်။ အစေ့ထုတ်ပြောင်း က(၄)သိန်းကျော်ရှိတယ်။ ပဲမျိုးစုံ (၉)သန်းရှိတယ်။ ဆီထွက်သီးနှံပေါင်း (၆)သန်း ကျော်ရှိတယ်။ စက်မှုသီးနှံ (၈)သိန်းကျော်ရှိတယ်။ အားလုံးပေါင်း သန်း (၃၀)လောက် ဧရာဝတီမြစ်ဘေးနဲ့ ချင်းတွင်းမြစ်ဘေးမှာ စိုက်နေတဲ့ သီးနှံတွေရှိတယ်။ ဒီဟာတွေကို ကျွန်တော်တို့က မြေဩဇာပေးမယ်ဆိုရင် တစ်ဧကကို တစ်အိတ်နှုန်းပဲ ကြည့်ဦး နည်းတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ (၃)နှစ်လောက်က ပြည်ပက သွင်းတဲ့ မြေဩဇာတွေ ကြည့်ပါ။ ယူရီးယားနဲ့ ကွန်ပေါင်းနှစ်မျိုးတည်းကို တစ်နှစ်ကို တန်ချိန် တစ်သန်းခွဲ လောက် သွင်းရတယ်။ ဒေါ်လာသန်းပေါင်း ၂၈၀ လောက်ကုန်တယ်။ ဒါပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်က ဈေး။ ဒီနှစ်ဈေးနဲ့ဆို မရဘူး။ နှစ်ဆလောက် တက်သွားမယ်။ ၂၈၀ ဆို ၅၆၀ လောက်ဖြစ်သွားမယ်။ စောစောက ပြောတဲ့ ကျွန်တော်တို့ဆီမှာ ရှိတဲ့ နိုင်ငံပိုင်စက်ရုံ (၃)ရုံက (၃)သိန်းပဲ ထုတ်နိုင်တယ်ဆိုတော့ ပြည်ပက သွင်းတာ တစ်သန်းခွဲလောက်သွင်းနေရတယ်။ ဆိုလိုတာက ကျွန်တော်တို့ဆီမှာ ဓာတ်မြေဩဇာ တွေ လိုအပ်ချက်ရှိနေတယ်။ ဓာတ်မြေဩဇာကတော့ ဂတ်စ်ကို အခြေခံပြီး ထုတ်ပါ တယ်။ ယူရီးယားဓာတ်မြေဩဇာ၊ ဓာတ်မြေဩဇာစက်ရုံတွေ ဆောက်ဖို့လိုပါတယ်” (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားမှု Video ဖိုင်ကို ပြသမည် ဖြစ်ပါသည်။)

          မြစ်ချောင်းများအနီးစိုက်ပျိုးရေး လုပ်ငန်းများတွင် ရာသီမရွေးစိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများအား ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေများလုံလောက် စွာရရှိပြီး အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အကျိုးရှိစွာအသုံးချခြင်းမပြုနိုင်ဘဲ ပင်လယ်အတွင်းသို့ စီးဝင်သွားသည်ကို ပညာရှင် များက ထောက်ပြထားကြောင်း၊ အဆိုပါရေများအား မိမိတို့အနေဖြင့် အကျိုးရှိစွာ အသုံးချရန်လိုအပ်ကြောင်း၊ တစ်ကမ္ဘာလုံးတွင် ရေချိုရှားပါးမှုပြဿနာများ ရှိကြောင်း၊ ဆည်ရေများကိုလည်း ချွေတာသည့်စနစ်နှင့် လုံလောက်အောင်သုံးသည့် စနစ်တို့ ပေါင်းစပ်ပြီး စိုက်ပျိုးရေး စီမံကိန်းများ အောင်မြင်အောင်ဆောင်ရွက်ရန် လိုကြောင်း။

          မိမိတို့နိုင်ငံတွင် ကမ်းလွန်နှင့် ကုန်းတွင်းသဘာဝဓာတ်ငွေ့များထုတ်လုပ်လျက် ရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသကဲ့သို့ ပြည်တွင်း၌လည်း သဘာဝ ဓာတ်ငွေ့များအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင်လည်း လေအားလျှပ်စစ်ဓာတ်အားများ ထုတ်ယူ၍ရ ကြောင်း၊ အလားတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းများကိုဆောင်ရွက်၍ အသုံးချရန် လိုကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ရရှိသောအခြေအနေပေါ်မူတည်၍ Small Scale, Median Scale များကို ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

          ပြည်တွင်းကုန်ထုတ်လုပ်မှုများအတွက် ဆောင်ရွက်လျက်ရှိသည့် စက်ရုံများတွင် ဓာတ်ငွေ့များ လိုအပ်မှုရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် စွမ်းအင်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့အား ပြည်တွင်း၌လုံလောက်စွာ အသုံးချနိုင်ရေး စွမ်းအင်မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူကျောက်မီးသွေးများကိုလည်း စနစ်တကျအသုံး ချ၍ စက်ရုံများတွင် လိုအပ်သည့် စွမ်းအင်များထုတ်လုပ်နိုင်ရေး အသုံးချဆောင်ရွက် ရန်လိုကြောင်း၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများအတွက်ဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ အဆင့်မီသည့် အုတ်များထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်ရန် လိုကြောင်း။

ပြည်တွင်း၌ ဘိလပ်မြေနှင့် သံချောင်းများ လုံလောက်စွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် “ဘိလပ်မြေစက်ရုံ ပုဂ္ဂလိကပိုင် ၁၆ ရုံ၊ နိုင်ငံပိုင် ၃ ရုံ အားလုံးပေါင်း ၁၉ ရုံရှိတယ်။ သူရဲ့ထုတ်လုပ်နိုင်တဲ့ စက်စွမ်းအားပြည့် ထုတ်မယ်ဆိုရင် ၁၆ သန်းနဲ့ ၁၇၀၀၀၀ ထုတ်နိုင်တယ်။ တစ်ချို့က Dry Process ပေါ့၊ တစ်ချို့ကလည်း Wet Process နဲ့လုပ်တယ်။ အစိုနည်း၊ အခြောက်နည်းပေါ့။ တစ်ကယ်ကတော့ အခြောက်နည်းကတော့ မြန်မာဘက်မှာတော့ အကောင်းဆုံးနည်းလမ်းပါ။ ဘိလပ်မြေ စက်ရုံများကိုလည်း Dry Method ကိုပြောင်း ကြပါ။ ဒီအတွက်နိုင်ငံတော် ကနေပြီးတော့ ငွေချေးပေးမယ်။ ကျွန်တော်နိုင်ငံခြားငွေ ချေးပေးနိုင်ပါတယ်။ ကျွန်တော် ပြည်ပကနေဝယ်ဖို့အတွက် လိုတဲ့ပိုက်ဆံကျွန်တော်တို့ ချေးပေးလို့ရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ဆောင်ရွက်မယ်ဆိုရင် လုပ်ပေးလို့ရတယ်။ ပြည်တွင်း ဘိလပ်မြေလုပ်ငန်းအားပေးရမယ်။ ၁၆ သန်းထုတ်နိုင်တယ်။ အခုကျွန်တော် တို့ စာရင်းကောက်ကြည့်တဲ့အခါမှာ ၁၀ သန်းကနေ ၁၁ သန်းလောက် သုံးနေပါတယ်။ ဆိုလိုတာ ကလုံလောက်မှုရှိတယ်။ ပြည်ပကဘာမှ ဘိလပ်မြေသွင်းစရာအကြောင်း မရှိဘူး။ သွင်းတဲ့ဘိလပ်မြေ ဘာလို့သွင်းတာလဲမေးကြည့်တော့ Quality ကောင်း လို့တဲ့။ အဲ့တာဆိုကိုယ့်ဆီကဘိလပ်မြေတွေ Quality ကောင်းအောင်လုပ်ရမယ်။ Standard တစ်ခု ပေးရမှာပေါ့။ EU ရဲ့ Standard ဘယ်လောက်လဲ၊ UK ရဲ့ Standard ဘယ်လောက်ရှိလဲ အမေရိကန် Standard  ဘယ်လောက်နဲ့ညီရမယ်၊ တရုတ် Standard နဲ့ဘယ်လောက် ညီရမယ်၊ ဂျပန် Standard နဲ့ဘယ်လောက်ညီရမယ်။ ဒီ Standard ကိုကျွန်တော်တို့ရဖို့ ဒီစက်ရုံတွေလုပ်ကိုလုပ်ရမယ်။ မလုပ်ရင်အဲဒီစက်ရုံ ပိတ်မယ်။ ဒီလိုသွားမှရမှာပေါ့။ မှိန်းလိုက်နေရင်ဘယ်လိုမှကို အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် တစ်နေ့ကလည်း သက်ဆိုင်ရာဝန်ကြီးများ၊ ဝန်ကြီးချုပ်များကို ပြောပါတယ်။ ခင်ဗျားတို့နယ်မြေမှာရှိတဲ့ ဥပမာရှမ်းပြည်နယ်တို့၊ မန္တလေးတိုင်းတို့ ဆိုရင် ဘိလပ်မြေစက်ရုံတွေရှိတယ်။ နေပြည်တော်ကောင်စီဆိုရင် ဘိလပ်မြေစက်ရုံ တွေရှိတယ်။ စစ်ပါ။ ပြီးရင်ခုနကပြောတဲ့ မူဝါဒနဲ့ဖြစ်အောင်လုပ်ပါ။ အဲဒါဆိုရင်ပြည်ပ ကနေဘိလပ်မြေ တင်သွင်းမှုတွေ လျော့ကျသွားမယ်။ မရှိအောင်လုပ်လို့ရတယ်။ ပြီးတော့ သံချောင်းပေါ့။ မြန်မာနိုင်ငံမှာ သံမဏိကုန်ကြမ်းထုတ်နိုင်တဲ့ သံကြမ်းတွေရှိ ပါတယ်။ လေးနေရာလောက်က စီးပွားဖြစ်ထုတ်လို့ရနိုင်တဲ့ တကယ့်ကိုနှစ်ပေါင်း များစွာထုတ်လို့ရနိုင်တဲ့နေရာတွေရှိတယ်။ လေးနေရာလောက်ရှိတယ်။ အဲဒီတော့သံက လည်းအတူတူပဲ ပြည်ပကနေ သံချောင်းတွေတင်သွင်းနေရတာရှိတယ်။ အဲ့ဒါကြောင့် သံမဏိ စက်ရုံတည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် လိုက်လံအား ပေးနေပါတယ်။ ကျွန်တော်တို့က သံချောင်းအသေးလေးတွေနဲ့ ကျေနပ်နေလို့မရဘူး။ ငါးမူးလုံးတို့။ တစ်ကျပ်လုံးတို့။ ဒီလိုကနေပြီးတော့ မျိုးစုံသွားရမှာပေါ့ H Beam တို့ I Beam တို့ ထုတ်နိုင်တဲ့အဆင့်တို့၊ တံတားဆောက်နိုင်တဲ့ဟာမျိုး ဒီလိုလေးတွေ ကျွန်တော် တို့သွားရမှာ။ မလုပ်လို့မရဘူး။ ပြည်တွင်းမှာလည်းကုန်ကြမ်းတွေရှိရဲ့ သားနဲ့ကိုယ်ကမလုပ်ဘူး။ ပြည်ပကနေပဲအကုန်ထိုင်ပြီးသွင်းနေလို့ရှိရင် ဒီတိုင်းပြည်မွဲဖို့ ပဲရှိတယ်။ ဒါကြောင့်ဘိလပ်မြေ နဲ့ပတ်သက်တာပြည်တွင်းမှာ လုံလောက်စွာထုတ်ဖို့ လုပ်ဆောင်နေပါတယ်။ ဓာတ်မြေဩဇာနဲ့ ပတ်သက်လိုရှိရင်စက်ရုံအသစ် လုပ်ချင်တဲ့ သူတွေ ဓာတ်မြေဩဇာထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေ ပြည်တွင်း ပြည်ပ မည်သူမဆိုကျွန်တော် ဖိတ်ခေါ်ပါတယ်။ ဓာတ်မြေဩဇာထုတ်လုပ်ရေးနဲ့ ပတ်သက်ရင် ဒီအတွက်သွင်းအားစုဖြစ်တဲ့ ကျွန်တော်တို့ Gas နဲ့ လျှပ်စစ်ဓာတ် ရရှိရေးနဲ့ ပတ်သက်ပြီးကျွန်တော်တို့ ညှိပါမယ်။ ကျွန်တော်တို့က စောစောကပြောတဲ့ လျှပ်စစ်ကိုရအောင်၊ တစ်ဖက်ကလည်း တိုးအောင်လုပ်ဖို့အတွက်လုပ်ပြီးတော့မှ ပြည်တွင်းလိုအပ်ချက်ကို ခုနကပြောတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် Renewable Energy ကရအောင်လုပ်နိုင်ရင်။ ဟိုဘက်က Gas ကို ရအောင်လျှော့ပြီး ရတဲ့ဟာကို စက်ရုံအလုပ်ရုံသုံးမယ်ဆိုရင်ဖြစ်နိုင်တယ်။ ဒါမျိုးတွေကိုလည်း ကျွန်တော်တို့စဉ်းစား ရမှာပေါ့။ လွယ်တဲ့နည်းလမ်းတော့ စဉ်းစားလို့မရဘူး။ တိုင်းပြည် ဘယ်လိုတိုး တက်အောင် လုပ်မလဲဆိုတဲ့စိတ်နဲ့ လုပ်မှရမယ်ဆိုတာလေး ကျွန်တော် ပြောလိုပါတယ်။အဲဒီတော့ခုနကပြောတဲ့စီးပွားရေးနဲ့ပတ်သက်ရင် ကျွန်တော်စွမ်းအင်နဲ့ ပတ်သက်တဲ့ မူဝါဒလည်းပေးခဲ့ပါတယ်။ သံမဏိနဲ့ပတ်သက်တာကို ကျွန်တော်ပြော ပါတယ်။ သံမဏိလုပ်မယ်ဆိုရင်လည်း စောစောကဓာတ်မြေဩဇာစက်ရုံ တွေလိုဘဲ သံမဏိစက်ရုံလုပ်မယ်ဆိုလဲ အားပေးပါတယ်။ မည်သည့် တိုင်းရင်းသား လုပ်ငန်းရှင် မဆို၊ မည်သည့်နိုင်ငံမဆို သံမဏိထုတ်လုပ်ရေးနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်မယ် ဆိုရင်ကျွန်တော် အတတ်နိုင်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်ပြော လိုပါတယ်” (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားမှု Video ဖိုင်ကို ပြသမည် ဖြစ်ပါသည်။)

ဆက်လက်ပြီး ၂၀၂၀-၂၀၂၁ ဘက်ဂျက်ကာလအတွင်း အကြမ်းဖျဉ်းအားဖြင့် နိုင်ငံခြားပို့ကုန်သွင်းကုန် လုပ်ငန်းများတွင် နိုင်ငံခြားငွေများပိုလျှံမှုရှိကြောင်း၊ မိမိတို့ ချွေတာ၍ရသည့်လုပ်ငန်းများတွင် ယခုထက်ပိုမိုချွေတာမည်ဆိုပါက ယခုထက်ပိုမို၍ ပိုငွေများပြလာနိုင်ကြောင်း၊ ဥပမာအားဖြင့် ပြည်ပမှစားသုံးဆီတင်သွင်းမှုများ ပဏာမ အားဖြင့်များပြားခဲ့သဖြင့် လျှော့ချရန်လိုကြောင်း၊ ပြည်တွင်းဆီစားသုံးမှုနှုန်းမှာ မြင့်မား လျက်ရှိပြီး လျှော့ချနိုင်ပါကကုန်သွယ်မှုပိုငွေများ ယခုထက်ပိုမို များပြားလာမည်ဖြစ် ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုများအား လျှော့ချရန်လိုကြောင်း။

ယင်းနောက် ပို့ဆောင်ရေးနှင့်ပတ်သက်၍ပြောကြားရာတွင် “ပို့ဆောင်ရေးနှင့် ပတ်သက်ရင် Public Transportation ကို ကျွန်တော်တို့အားပေးဖို့လိုတယ်။ မီးရထား တွေ၊ မြို့ပတ်ရထားတွေ၊ ဘတ်စ်ကားလိုင်းတွေ။ ဒါတွေများများသုံးနိုင်အောင်လုပ်ပါ၊ ဒါကြောင့် ကျွန်တော်အရှုံးခံပြီး ရထားလမ်းတွေဖွင့်ခိုင်းပါတယ်။ ဘယ်လောက်ပဲ ဖျက်ဖျက်ကွာလို့၊ ဘယ်လောက်ပဲဖျက်ဖျက်ရအောင်ဆွဲမယ်ဆိုပြီး ကျွန်တော်လုပ်ပေး နေတယ်။ ရထားလမ်းတွေကိုလည်းရအောင် အဆင့်မြှင့်ခိုင်းနေပါတယ်။ ဒါက ဘာလဲဆိုတော့ တိုင်းပြည်အတွက် အကျိုးရှိတဲ့လုပ်ငန်းမို့လို့။ စီးပွားရေး အရ ကြည့်မယ်ဆိုရင်တော့  အကျိုးမရှိနိုင်ပေမယ့် တိုင်းပြည်အတွက် တော့ အကျိုးရှိတယ်။ Public Transportation ကိုကျွန်တော်တို့ကအားပေးဖို့လိုတယ်။ အဲ့ဒီ Public Transportation မှာ လျှပ်စစ်ကိုရအောင်ပြောင်းနိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ ဒါ့ကြောင့်ကျွန်တော်က လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် တွန်းအားပေးနေ ခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးလျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံးမြို့ပတ်ရထားလမ်းဆို မြို့ပတ်လမ်း အတိုင်းသွားမယ်။ မြို့ပေါ်တွေမှာသုံးတဲ့ကားတွေက လျှပ်စစ်ကားတွေဖြစ်ရမယ်။ ဒီမူဝါဒကိုတွက်နေပါတယ်။ အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျွန်တော်တို့ ကြေငြာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကို ဘယ်အဆင့်မှာပြောင်း ပြီးသားဖြစ်ရမယ်။ Private Use တွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေ၊ ကားငယ်လေးတွ ဆိုလို့ရှိရင်။ လုပ်ငန်းခွင်သုံးတဲ့ ကားကြီးတွေကတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့လေ။ နည်းပညာအရအခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့အခြေအနေတွေကျွန်တော်တို့ ကြည့်ရ ဦးမယ်။ အခုနကပြောတဲ့ လူစီးကားကတော့ဖြစ်တယ်။ ဘတ်စ်ကားတွေဖြစ်နိုင် တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျွန်တော်တို့ လုပ်ရမယ်။ ဒါမှမလုပ်ရင်လဲကျွန်တော်တို့ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့မွဲလိမ့်မယ်။” (နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားမှု Video ဖိုင်ကို ပြသမည် ဖြစ်ပါသည်။)

ထို့နောက် စားသောက်ကုန်နှင့်ပတ်သက်၍ ပြည်ပမှစားသောက်ကုန်များနှင့် သုံးကုန်များ အားတင်သွင်းလျက်ရှိကြောင်း၊ အဆိုပါစားသောက်ကုန်နှင့်သုံးကုန်များ အား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်အောင်ဆောင်ရွက်ရန်လိုပြီး SME များကို အားပေးရန် လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းများအလိုက် စက်မှုဇုံများနှင့် စက်ရုံများတွင် ဆောင်ရွက်၍ရကြောင်း၊ နည်းပညာများအသုံးပြု၍ ပြည်တွင်းစားသောက်ကုန်များ အား အရည်အသွေးပြည့်မီ စွာထုတ်လုပ်နိုင်ရေးနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းထုတ်ကုန်များအား ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအားပေးဆောင်ရွက်ရန်လိုကြောင်း၊ စားကုန်၊ သောက်ကုန်နှင့် သုံးကုန် များအား ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်၍ ပြည်ပ သွင်းကုန်များအား တတ်နိုင်သမျှလျှော့ချဆောင်ရွက်ရန်လိုကြောင်း။

ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုများ များစွာရှိပြီး စိုက်ဧက ၄ သိန်းခန့်ရှိကြောင်း၊ အဆိုပါဝါများကိုလည်း နိုင်ငံတကာအထွက်နှုန်းကို မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်သဖြင့် ဝါစိုက်ပျိုးမှုနည်းပညာမြင့်မားရေးအတွက် ပြည်ပနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်ပျိုးတောင်သူများအား အားပေး ဆောင်ရွက် ရန်လိုကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံရေးအရချမှတ်ထားသည့် မူဝါဒများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပြီး အဓိကအားဖြင့် စီးပွားရေးမြှင့်တင်ရန်နှင့် စည်းကမ်းကောင်းမွန်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ စီးပွားရေးကိုမြှင့်တင် နိုင်မည်ဆိုပါက နိုင်ငံစီးပွားရေးကောင်းမွန်မည်ဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်ပေးမှုဆောင်ရွက်ရာတွင် အခြေခံပညာအား မသင်မနေရစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အလယ်တန်းအဆင့်အားဦးတည်၍ အခြေခံပညာ သင်ကြားခြင်း ဖြစ်ကြောင်း၊ KG + 9 အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဆရာ၊ ဆရာမများ လုံလောက်စွာ ရှိရေးအတွက်လည်း ခန့်အပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၃ ရာခိုင်နှုန်း အောက်ရရှိသည့်အချိန်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်သူများကိုလည်း ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး လိုအပ်သည့် ကာကွယ်ဆေးများ ထပ်မံဝယ်ယူရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများအား ထိန်းချုပ်နိုင်သည့်အချိန်တွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ပြီး စက်ရုံ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ၏စီးပွားရေးမှာ ပုံမှန်အခြေအနေ သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် အသိပညာအတတ်ပညာပေါကြွယ်ဝသည့် လူသားအရင်းအမြစ်များ မရှိမဖြစ်လိုအပ် သဖြင့် ပညာရေးနှင့် ပတ်သက်သည့် အားနည်းသည့်ပြည်နယ်နှင့် တိုင်းဒေသကြီးများ အနေဖြင့် အလေးထားဆောင်ရွက် ကြရန်လိုကြောင်း၊ ပညာရေးမြင့်မားမှသာ အသိပညာနှင့် အတတ်ပညာများ တတ်မြောက်လာပြီး ဒီမိုကရေစီကိုနားလည်လာမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုနားလည်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ပညာတတ်များပေါများစေရေး ပညာရေးမြှင့် တင်မှု ကို ဦးစားပေး တွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်းမှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပညာရေးနှင့် ပတ်သက်၍ KG + 9 အထိ နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက် ပေးရန်ရှိ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့်လည်း စာသင်ကျောင်း များကို အဆင့်မီအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာများ အပြည့်အဝခန့်ထားနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ဒေသနှင့် ဝေးလံခေါင်သီဒေသများရှိ အခြေခံပညာ ကျောင်းသားကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးရန် လိုကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများ အနေဖြင့် ကလေးများ အမှန်တကယ် နားလည်တတ်ကျွမ်းမှု ရရှိစေရေး သင်ကြားပေးရန်လည်း လိုကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အရည်အချင်း ပြည့်ဝသည့် ပညာရေးဝန်ထမ်းများကို လေ့ကျင့်မွေးထုတ် သွားရန်လိုကြောင်း။

နိုင်ငံတော် တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီး ကြောင်း၊ သိပ္ပံဘာသာရပ်တွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာပညာရှင်များ အရေးကြီးသကဲ့သို့ စီးပွားရေးနှင့် ဥပဒေ ပညာရှင်များလည်း လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ကျေးလက်စီးပွားရေးမြှင့်တင်ပေးရန်အတွက်  စိုက်ပျိုးမွေးမြူ ရေး ပညာရှင်များ လိုအပ်ကြောင်း၊ နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ များစွာစေလွှတ် နိုင်ပါက နိုင်ငံတော်အတွက် အကျိုးရှိကြောင်း၊ ပညာတော်သင်များကို နေရာချထားရာ တွင်လည်း တတ်မြောက်ထားသည့် ပညာရပ်နှင့်ကိုက်ညီသည့် လုပ်ငန်းများတွင် လူမှန်၊ နေရာမှန် တာဝန်ပေး နေရာချထားရန် လိုကြောင်း။

ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်သူ သမဝါယမ အသင်းများ ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်၊ စီမံခန့်ခွဲ ရောင်းချခြင်းဖြင့် တိုက်ရိုက် အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ကို အခြေခံပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊  ထုတ်ကုန် ပစ္စည်းများအတွက် ပြည်တွင်းကုန်ကြမ်းများ မှန်မှန်ကန်ကန် ရရှိအောင် ဆောင်ရွက်ပြီး ပြည်ပပို့ကုန် ထုတ်လုပ်နိုင်သည့်အဆင့်အထိ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊

ပို့ဆောင်ရေးအတွက်လည်း လမ်းများကောင်းမွန်ရန်လိုကြောင်း၊ ကျေးလက် လမ်းများနှင့် ကုန်ထုတ်လမ်းများ ကောင်းမွန်ရေး အလေးပေးဆောင်ရွက်ကြရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ ထို့အတူ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် ကားလမ်း၊ ရထားလမ်းများ ဖွံ့ဖြိုးတိုးတက်အောင် အလေးပေး ဆောင်ရွက်သွားရန်လိုကြောင်း၊  

စီးပွားရေးတည်ငြိမ်တိုးတက်အောင် လုပ်ဆောင်ပြီး ငွေကြေးတန်ဖိုး ပြောင်းလဲမှု မရှိဘဲ ခိုင်မာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  ငွေကြေးတန်ဖိုးကို ထိန်းသိမ်းပြီး ဘဏ်စနစ် တည်ငြိမ်အောင် တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်များ များစွာတင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပြီး သွင်းကုန် ပမာဏ ထိန်းသိမ်း နိုင်ရေး ဆောင်ရွက်ကာ တိုင်းပြည်စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နေကြောင်း၊ အဓိကအားဖြင့် မိမိတို့တိုင်းပြည်တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက် နေကြရန် လိုသာကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများအပေါ် ကြိုတင်မျှော်တွေး၍ ကြပ်ကြပ်မတ်မတ်ဖြင့် အလေးအနက်ထား ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း မှာကြားသည်။