နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃) ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃) ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

နေပြည်တော် မတ် - ၁၁

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(MICC-II)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကား ပြောကြားသည်။

အခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချူပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊အဆင့်မြင့်အရာရှိကြီးများ၊ ကျန်းမာရေး နယ်ပယ် အသီးသီးမှ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခချုပ် များနှင့် ပါမောက္ခများ၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများနှင့် အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချူပ်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး၊ မြန်မာ နိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ တို့က မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအထိမ်း အမှတ်မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချူပ်က မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအထိမ်းအမှတ် မုဒ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲ ဒုတိယပိုင်းကို Plenary Hall ၌ ဆက်လက်ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲကြီး”ကို “အရည်အသွေး ရှေးရှုကျန်းမာရေးစောင့်ရှောက်မှု” “Quality Care in Medical Practice” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်ပြီး နှီးနှောလှယ်ပွဲ၏ ရည်ရွယ်ချက်များမှာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျန်းမာရေးနယ်ပယ် အသီးသီးမှ ပညာရှင်များ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် အပြန်အလှန် ပေါင်းစပ် ညှိနှိုင်းသင်ကြားရေးနှင့် ကုသရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာရေး ကဏ္ဍနယ်ပယ်စုံမှ ပညာရှင်များပါဝင်ဆင်နွှဲစေခြင်းဖြင့် ခေတ်မီဆေးပညာရပ်များ ဖွံ့ဖြိုး တိုးတက်နေမှုများနှင့် ပတ်သက်၍ သိရှိနားလည်နိုင်စေရန်၊ ဆေးနှင့်ဆေးနှီး နွှယ်ပညာရှင် များအနေဖြင့် တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုစိတ်များ ဖြစ်ထွန်းစေရန်၊ ပြည်သူလူထုအား အရည်အသွေး ပြည့်ဝ သော ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် အထောက်အကူပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာ ရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် အားပေးဆောင်ရွက် လျက်ရှိသည်ကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံအသီးသီးမှ ပြည်သူအပေါင်း၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ကြီးမား စွာ ရိုက်ခတ်စေခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနှင့် အဆိုပါရောဂါဆိုးကြောင့် ပေါ်ပေါက်လာခဲ့သည့် လူမှုရေး၊ စီးပွားရေး နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် မိမိကိုယ်တိုင်ဦးဆောင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဆင့် ဆင့်ကို ဖွဲ့စည်းပြီး လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားပညာရှင်များအပါအဝင် ကျန်းမာရေး ဆိုင်ရာပညာရှင်များ၊ နိုင်ငံအတွင်းရှိ စေတနာရှင်ပရဟိတအဖွဲ့အစည်းများ၏ စွမ်းအားကို အခြေခံပြီး မိတ်ဆွေနိုင်ငံများ၏ ပံ့ပိုးကူညီမှုများ၊ တိုင်းရင်းသား ပြည်သူအပေါင်း၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမှုများနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကို အခြေအနေ တစ်ရပ်အထိ ထိထိရောက်ရောက် အောင်အောင်မြင်မြင်ထိန်းချုပ်၊ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ သည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါကြောင်း။

        ထို့အတွက်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူ၊ သက်ဆိုင်သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အဆိုပါအောင်မြင်မှုကို နမူနာယူပြီး တိုင်းရင်းသားပြည်သူ များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြားကျန်းမာရေး ပြဿနာများကိုလည်း မိမိတို့နိုင်ငံ တွင်းရှိ စုပေါင်းအင်အားဖြင့် ဖြေရှင်းဆောင်ရွက်ပြီး အောင်မြင်စွာကျော်လွှားနိုင်ကြမည်ဟု ယုံကြည်မိပါကြောင်း။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်း ဆောင်စဉ်ကတည်းက ရှေ့လုပ်ငန်းစဉ်ကြီး(၅)ရပ်ကို နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးကိုရှေးရှုပြီး ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေး ပေါ်ကာလ နှစ်နှစ်အတွင်းတွင် ရှေ့လုပ်ငန်းစဉ်အမှတ်(၂)အနေဖြင့် “လတ်တလောဖြစ်ပွား နေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက်ဆောင်ရွက်သွားမည်”ဆိုသည့် ဦးတည်ချက်နှင့်အညီ ပြီးမြောက် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း ဆက်လက်တာဝန်ယူမည့် ကာလအတွက် ဦးတည်ချက်မှာ “တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်သွားမည်”ဟု ပြောင်းလဲချမှတ်ထားပြီး ကျန်းမာရေးကဏ္ဍ အတွက် အားလုံးခြုံငုံပါဝင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေး ဦးတည်ချက်(၄)ရပ်၊ စီးပွားရေးဦးတည်ချက်(၄)ရပ်နှင့် လူမှုရေးဦးတည်ချက်(၄) ရပ်တို့နှင့် အညီ ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များ အနက်မှ တတိယ အချက်ဖြစ်သည့် “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည် ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး” ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် အဓိကအခန်းကဏ္ဍမှပါဝင်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့၊ နှီးနွှယ်ဆက်စပ်နေသည့်ဌာနဆိုင်ရာများ၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုး စီးပွားကိုလိုလားသည့် စေတနာရှင်ပရဟိတ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီ ပံ့ပိုးမှုများ၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်မှုစွမ်းအားများနှင့် ဦးတည် ချက်ကို အောင်မြင်မှုရရှိလာသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်ကိုတိုက်တွန်းပြောကြားလိုပါကြောင်း။

တစ်မျိုးသားလုံးသက်ရှည်ကျန်းမာရန်အတွက် ကျန်းမာရေးကဏ္ဍ တစ်ရပ်လုံးဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဖြစ်သည့် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေး၊ မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး၊ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး၊ ကူးစက်ရောဂါနှင့် မကူးစက်ရောဂါများ ကာကွယ်တိုက်ဖျက်ရေး၊ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းနှင့် ကာကွယ် ဆေးထိုးခြင်း၊ ပုံမှန်ကာကွယ်ဆေးများထိုးခြင်း၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာ ရေး၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေးစသည့် ဝန်ဆောင်မှုများကို လူတိုင်း လက်လှမ်းမီပြီး သာတူညီမျှရှိတဲ့ ကျန်းမာရေး လွှမ်းခြုံမှုစနစ် တစ်ရပ်ဖြစ်လာစေရေး ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း။

လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ပြည်သူလူထု၏ မျှော်မှန်းသက် တမ်း တိုးတက်မြင့်မားလာစေရေးအတွက် အခြေခံကျန်းမာ‌ရေးစောင့်ရှောက်မှုများကို တိုးမြှင့်‌ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးပညာရှင်များ၏ လုပ်ဆောင်မှုများသာမက သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ် လုံးက ပူး‌ပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ကျန်းမာရေးအသိပညာ တိုးတက်မြင့်မားစေပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှု ဘဝပုံစံများနှင့် နေထိုင်သွားစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်သွား ကြရန်ကိုလည်း မှာကြားလိုပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ရေးလုပ်ငန်း များ၊ ရောဂါဖြစ်ပွားလာပါက အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုများ ပေးနိုင်ရေး လုပ်ငန်းများကို မိမိတို့နိုင်ငံ၏ အရင်းအမြစ်များအပေါ်မူတည်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် မူဝါဒများ၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများအနေဖြင့် အချိန်ပြည့်အရေးပေါ်လူနာများ လက်ခံ ကုသနိုင်ရေးအတွက် စီမံထားရှိခြင်း၊ လူနာများကို တတ်နိုင်သမျှ ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲရငွေ လျော့နည်းစေရေးတို့အတွက် လိုအပ်သည့်ဆေးဝါးများ၊ ရောဂါရှာဖွေ ခြင်းနှင့် ကုသပေးခြင်း လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ပြည်သူများနေရာ ထိုင်ခင်းကောင်းမွန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေးအတွက် ပြည်သူ့ ဆေးရုံများအား မွမ်းမံပြင်ဆင်ခြင်း၊ အသစ်တိုးချဲ့ တည်ဆောက်ခြင်းနှင့် အဆင့်မီဆေး ကုသမှုများခံယူနိုင်စေရန်ဆေးဝါးများ၊ ခေတ်မီဆေးပစ္စည်းကိရိယာများ စဉ်ဆက်မပြတ် ဖြည့်ဆည်း ပေးခြင်းတို့ကိုလည်း နိုင်ငံတော်အနေဖြင့် နှစ်စဉ်ဘတ်ဂျက်များတိုးမြှင့် လျာထားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေချော မွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ပေးနေ သည့်အပြင် ချီးမြှင့်ငွေနှင့် စရိတ်မျိုးစုံကို ခံစားခွင့်ရရှိစေရန်ကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း။

အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရေးအတွက် ဆေးနှင့် ဆေးပညာနှီးနွှယ်တကသိုလ် (၁၆)ခု၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း(၅၃)ကျောင်းတို့ကို ဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို လိုအပ်ချက်နှင့် အညီ ပြုပြင်ပြောင်းလဲပြီး သင်ကြားပေးလျက်ရှိပါကြောင်း၊ ယခုဆေးပညာသင်ရိုး ညွှန်းတမ်းကို နိုင်ငံတကာအဆင့်မီဖြစ်စေရန် မျှော်မှန်းရလဒ်အခြေခံသည့့် စုစည်းချိတ် ဆက် သင်ကြားခြင်းစနစ်ကို ပြောင်းလဲသင်ကြားလျက်ရှိပြီး ကျန်းမာရေးပညာရှင်များ အကြား ယှဉ်တွဲလေ့လာသင်ယူမှု(Inter-Professional Education)နှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်တတ်စေရေးတို့ကိုပါ ထည့်သွင်းသင်ကြားပေးလျက်ရှိသည်ကို သိရပါ ကြောင်း။

ဆေးဘက်ဆိုင်ရာပညာများကို အရေအတွက်သာမက အရည်အချင်းကိုပါ အလေး ထားပြီး ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာများကိုပါ ထည့်သွင်းသင်ကြားပေးနေသည်ကို သိရ သည့်အတွက် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် များစွာကျေနပ်အားရ ဖြစ်မိပါကြောင်း၊ ထို့ပြင် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် များ ကို တက်ရောက်ရန် ဝင်ခွင့်ရွေးချယ်ရာတွင်လည်း ဆေးပညာရပ်ကို အမှန်တကယ်စိတ်ဝင် စားသူများ၊ ဆေးပညာကျင့်ဝတ်လိုက်နာစောင့်ထိန်းမည့်သူများ၊ ကျန်းမာရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်လိုသူများ၊ မေတ္တာစေတနာနှင့် ကျန်းမာရေးစောင့်ရှောက်ပေးလို သူများကိုသာ ရွေးချယ်ပြုစုပျိုးထောင်နိုင်ရေးအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ များကို စနစ်တကျ စိစစ်ရွေးချယ်ပြီး ဝင်ခွင့်ပြုသည့် စနစ်သစ်ကို ၂၀၂၂ ခုနှစ် ပညာ သင်နှစ်မှ စတင်ကျင့်သုံးလျက်ရှိပါကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့်လည်း ပြည်သူလူထုအတွင်း စိတ်ချယုံကြည်စွာ စားသောက်သုံးစွဲနိုင်မည့် ပစ္စည်း မှန်၊ အမျိုးမှန်၊ အစားအစာနှင့်ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူး၊ တင်သွင်းရောင်းချနိုင်စေရန် ကြီးကြပ်ကွပ်ကဲမှုများ၊ ဝန်ဆောင်မှုများ စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသောက်ကုန်နှင့် ဆေးဝါးများကို မြန်ဆန် တိကျမှန်ကန်စွာဖြင့် စစ်ဆေးဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြား လိုပါကြောင်း။

        ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ပြည်သူလူထု၏ ကျန်းမာရေးကို ထိရောက်စွာ စောင့်ရှောက်ပေးနိုင်စေရန်အတွက် မြန်မာ့တိုင်းရင်း ဆေးပညာ အဆင့်အတန်းတိုးတက်မြင့်မား လာစေရန်ရည်ရွယ်ပြီး မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲများကို (၂၁)ကြိမ် မြောက်အထိအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်ကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း။

        ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနအနေဖြင့်လည်းပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်စေမည့် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှသည်ကို တွေ့ရှိရ ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Myancopharm ကိုဗစ် ရောဂါကာကွယ်ဆေးနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ထုတ်လုပ်သည့် ဝိသမအဖျားရောဂါပျောက်ဆေးနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ၊ ရောဂါပိုး များ၏ မျိုးရိုးဗီဇပြောင်းလဲမှုနှင့် ပတ်သက်သည့်သုတေသနလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အပြင် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို (၅၁) ကြိမ်မြောက်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် မှတ်တမ်းတင်ဂုဏ်ပြုအပ် ပါကြောင်းလည်း ပြောကြားလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၏ ဦးတည်ချက်များ အောင်မြင်စေရေးဆောင်ရွက်ရာတွင် ကျန်းမာသည့် လူ့စွမ်းအားအရင်း အမြစ်များစွာ လိုအပ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်လည်း နိုင်ငံ၏ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ပြည်သူတစ်ရပ်လုံးသက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ရေး၊ ရောဂါဘယကင်း‌ဝေးစေရေးအတွက် ဦးတည်ချက် ထားပြီး နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယနေ့ကျင်းပသည့် “မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး”ကအဆိုပါရည်ရွယ်ချက်များ အောင်မြင် စေရန် ကြီးမားသည့် အထောက်အပံ့တစ်ခုဖြစ်စေမည်ဟု လေးနက်စွာ ယုံကြည်မျှော် လင့်မိပါကြောင်း။

အခုကျင်းပသည့် နှီးနှောဖလှယ်ပွဲကြီးတွင် ကျန်းမာရေးနှင့်သက်ဆိုင်သည့် နယ်ပယ် အသီးသီးက ပြည်တွင်း/ပြည်ပမှ ပါမောက္ခဆရာဝန်ကြီးများ၊ ဆေးဘက်ဆိုင်ရာပညာရှင် များက မိမိတို့၏ တန်ဖိုးကြီးမားသော ဆေးပညာအတွေ့အကြုံများကို အနာဂတ်ကာလ တွင် နိုင်ငံတော်၏ကျန်းမာရေး စောင့်ရှောက်မှုတာဝန်ကို ပခုံးပြောင်းပြီး တာဝန်ယူကြ မည့် မျိုးဆက်သစ် လူငယ်ဆရာဝန်များ၊ ဆေးပညာရှင်များကို လက်ဆင့်ကမ်းပြီး ပညာ အမွေပေးအပ်ကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အနာဂတ်ကာလ၌ ဆက်လက်ပြီး အကောင် အထည်ဖော်ဆောင်ရွက်ကြမည့် ရောဂါကာကွယ်တားဆီးရေး၊ ကုသရေးနှင့် ပြန်လည် သန်စွမ်းရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များအတွက် အခြေခံကောင်းများ၊ အတွေးအမြင်သစ်များနှင့် အတွေ့အကြုံကောင်းများ၊ သင်ခန်းစာယူရမည့် အချက်များကို မျှဝေရရှိစေမည်ဖြစ်သည့်အတွက် မျိုးဆက်သစ်ကျန်းမာရေးပညာရှင်များ၊ ဝန်ထမ်းများ အနေဖြင့် ထိထိရောက်ရောက် လေ့လာဆွေးနွေးသွားကြရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း။

        ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲကြီးသည် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပထမဦးဆုံး ဦးဆောင်ကြီးမှူးကျင်းပခြင်းဖြစ်သည်ဟုသိရပြီး နောင်အနာဂတ်တွင်လည်း အလားတူဘက်စုံ၊ ကဏ္ဍစုံပါဝင်သည့် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို ပုံမှန်ကျင်းပပြုလုပ်နိုင်ကြပါစေရန်လည်း ဆန္ဒပြုပြောကြားလိုပါကြောင်း၊ ယခုနှီးနှော ဖလှယ်ပွဲကြီးတွင် ဆေးကုသမှုဆိုင်ရာ၊ ခွဲစိတ်ကုသမှုဆိုင်ရာ၊ သားဖွားမီးယပ်နှင့် ကလေး ရောဂါများ ကုသမှုဆိုင်ရာ၊ အရိုး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများနှင့် ပတ်သက်သည့် ကုသမှုများ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများ၊ ကျန်းမာရေး ပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှုနှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများကို ပြည်တွင်း/ပြည်ပမှ ပညာရှင်ဆရာဝန်ကြီးများက မိမိတို့သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ဆေးပညာ ရှင်များကလည်း သိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်းသွားကြမည် ဖြစ်သည့် အတွက် တက်ရောက်လာသူများအားလုံး အသိပညာဗဟုသုတများ များစွာတိုးပွား စေမည့်အပြင် မိမိတို့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင်လည်း ယခုနှီးနှောဖလှယ် ပွဲကြီးမှရရှိသည့် အတွေ့အကြုံဗဟုသုတကောင်းများကို ကောင်းစွာအသုံးချ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း။

        ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည့် အဆင့်မြင့်ကုသရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်နေမှုများ၊ အဆင့်မြင့်ဆေးသုတေသနဆိုင်ရာ စွမ်းဆောင် မှုများ၊ တိုင်းရင်းဆေး ကဏ္ဍဖွံ့ဖြိုးရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုကဏ္ဍများ မြှင့်တင်ဆောင်ရွက်နေမှုများစသည့် ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ မှုများကို သိရှိလာစေမည်ဖြစ်ပါကြောင်း၊ ထို့ပြင်ပြည်သူများ၏ မျှော်မှန်းသက်တမ်း မြင့်မားလာပြီး ပြည်သူများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်ငွေကြေးမှ စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျစရိတ်များ သက်သက်သာသာဖြင့် အားလုံးလက်လှမ်းမီသည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေး ဆောင်ရွက် နေမှုများကို ပိုမိုပြီးသတိပြုသိရှိစေမည်ဖြစ်ပါကြောင်း။

ထိုသို့သိရှိနိုင်စေရေးအတွက် နှီးနှောဖလှယ်ပွဲကြီး၏ အကြိုလှုပ်ရှားမှုများအဖြစ် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သော မျက်စိရောဂါများကို ခွဲစိတ်ကုသပေးခြင်း၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲနေသူများကို ခွဲစိတ်ကုသပေးခြင်း၊ ကျောင်းသား/ကျောင်းသူ များကို မျက်စိရောဂါနှင့် မျက်မှန်တပ်ဆင်ရန်လိုအပ်မှု ရှိ/မရှိ အမြင်အာရုံစမ်းသပ် စစ်ဆေးပေးခြင်းများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် သက်ဆိုင်ရာဒေသခံပြည်သူများ၏ ကျန်းမာရေးအတွက် ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ခဲ့သည်ကိုလည်း အသိအမှတ်ပြုပြောကြားလိုပါကြောင်း။

ယနေ့ကျင်းပသည့် ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးမှရရှိသည့် ပညာရပ်ဆိုင်ရာအတွေ့အကြုံ၊ ဗဟုသုတများ၊ နည်းပညာသစ်များကို သေချာစွာဆန်းစစ် လေ့လာပြီး မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်မြင့်မားလာစေရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ် ဝန်ကြီးဌာနများတွင်ရှိသည့် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများမှ ကျန်းမာရေးပညာရှင်များစသည့် ကျန်းမာရေးကဏ္ဍဆိုင်ရာပညာရှင် အားလုံး အတူတကွပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေး ကြရန်မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားပြည်သူအပေါင်း၏ ကျန်းမာရေး စောင့်ရှောက် မှုအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်း မြင့်မားလာပြီး လူတိုင်းသက်တမ်းစေ့နေနိုင်ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းစေရေး စသည့်ရည်မှန်းချက်များပြည့်မီစေရန်နှင့် ပြည်သူများ၏ ကိုယ်ပိုင်ငွေကြေးထဲမှ စိုက်ထုတ် သုံးစွဲရသည့် ကုန်ကျမှုသက်သာစေပြီး အားလုံးလက်လှမ်းမီအရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေးတို့အတွက် စိတ်ကောင်း စေတနာ၊ မွန်မြတ်စိတ်ထားမေတ္တာတရားအပြည့်ဖြင့် ဝိုင်းဝန်းကြိုးပမ်းပူးပေါင်း ဆောင် ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်မှတ်တမ်း (Documentary Video Clip)ကို ပြသသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချူပ်သည် ကျန်းမာရေးနယ်ပယ် အသီးသီးမှ ပညာရှင်များ၊ အထူးဖိတ်ကြားထား သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ဖွင့်ပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချူပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆေးပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရပ် Society အစုံပါဝင်သည့် ပြခန်းများနှင့် ဆေးနှင့်ဆေးပစ္စည်း၊ ခေတ်မီစက်ကိရိယာများနှင့် ဆေးဝါးများ၊ ကျန်းမာရေး ပညာပေး အစီအစဉ်များ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ စာအုပ်စာစောင်များ၊ သက်ဆိုင်ရာဦးစီး ဌာနများ၏ စွမ်းဆောင်နိုင်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် ခဲ့မှု မှတ်တမ်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်သိရှိလိုများမေးမြန်းဆွေးနွေးပြီး လိုအပ်သည်များအကြံပြုပြောကြား ခဲ့သည်။

ယခုနှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိ သော ကျန်းမာရေးနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင် များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး အောက်ရှိ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးပညာရှင်များ၊ အငြိမ်းစားကျန်းမာရေးပညာရှင် များ၊ အငြိမ်းစားတပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ပြင်ပဆရာဝန်များ သာမက အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်းမှ ဆေးပညာရှင်များ တက်ရောက် ဟောပြော ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။