နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ သမိုင်းဝင်တော်လှန်ရေးပန်းခြံနှင့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်နှင့် အားကစားဇုန်နယ်မြေတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ သမိုင်းဝင်တော်လှန်ရေးပန်းခြံနှင့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်နှင့် အားကစားဇုန်နယ်မြေတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ သမိုင်းဝင်တော်လှန်ရေးပန်းခြံသို့ သွားရောက်၍ ပန်းခြံအတွင်း အများပြည်သူတို့ အပန်းဖြေအနားယူနိုင်ရေး၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရေး ပြင်ဆင်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ ဝန်ကြီးချုပ် ဦးလှစိုး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူတို့က လိုက်လံရှင်းလင်း တင်ပြကြ သည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က နိုင်ငံနှင့်တပ်မတော်အတွက် သမိုင်းမှတ်တမ်းဝင်ပန်းခြံဖြစ်သဖြင့် အမြဲ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေးအတွက် စနစ်တကျပြုပြင်ထိန်းသိမ်း ဆောင်ရွက် ရန်၊ အများပြည်သူများ စိတ်လက်ချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေးနှင့် ကိုယ်လက် လှုပ်ရှားအားကစားပြုလုပ်နိုင်ရေးတို့အတွက် လိုအပ်သည်များကို ပြင်ဆင် ဆောင်ရွက် ထားရှိရန်၊ သမိုင်းဝင်တော်လှန်ရေးပန်းခြံအပါအဝင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြောင့် ပိတ်ထားရသည့် အများပြည်သူအပန်းဖြေနေရာများအား စည်းမျဉ်း စည်းကမ်း များနှင့်အညီ နိုဝင်ဘာ ၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များအား မှာကြားခဲ့သည်။
အဆိုပါ သမိုင်းဝင်တော်လှန်ရေးပန်းခြံသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်အရေးပါသည့် အထင်ကရ နေရာတစ်ခုဖြစ်ပြီး ပန်းခြံတွင် တပ်မတော်နေ့ အခမ်းအနားများကို ၂၀၀၅ ခုနှစ်၊ နှစ်(၆၀)ပြည့် တပ်မတော်နေ့အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ပန်းခြံအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ယာယီပိတ် ထားရာမှ လက်ရှိအချိန်တွင် ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် ပြန်လည်ဖွင့်လှစ်နိုင်ရေး လိုအပ်သည့်မွမ်းမံမှုများကို ဆောင်ရွက်လျက်ရှိရာ ပန်းခြံ အတွင်း ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း သမိုင်းဝင် စစ်ထွက်မိန့်ခွန်းပြောကြားခဲ့သည့် စစ်ထွက်သပြေပင်နှင့် ဗိုလ်ချုပ်၏ စီးတော်မြင်းချည်ခဲ့သော မြင်းချည်သပြေပင်တို့အပါအဝင် အလေးပြုခံ စင်မြင့်နှင့် အလံတိုင်များ၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် မီးရှူးတိုင်များ၊ ကျန်းမာရေးကိုယ်လက် လေ့ကျင့်ရေးကွင်းများ၊ ရေပန်းများ၊ ကလေးကစားကွင်းများ၊ မုဒ်ဦးများ၊ သစ်ပင် ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန် စေရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး မီးအလှများလည်း ဆင်ယင်ထားရှိကြောင်းနှင့် နိုဝင်ဘာ ၁ ရက်နေ့မှစ၍ အများပြည်သူများ အပန်းဖြေနိုင်ရေး ပြန်လည်ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် နှင့်အားကစားဇုန်နယ်မြေသို့ ရောက်ရှိကြရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရန်ကုန် တိုင်း ညွှန်ကြားရေးမှူး ဦးအောင်မိုးက အားကစားဇုန် သမိုင်းအကျဉ်းနှင့် အားကစားဇုန် နယ်မြေအတွင်း အားကစားကွင်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကစားကွင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံဆိပ်ကမ်း မြို့နယ်များအတွင်း အားကစားကွင်းများ အဆင့်မီမီဖြစ်ပေါ်လာရေး ဆောင်ရွက်ပေးနိုင် မည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးမှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် အားကစားဇုန်နယ်မြေအတွင်းရှိ မသန်စွမ်း အားကစားရုံနှင့် အမျိုးသားရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မသန်စွမ်း အားကစားရုံ ပြန်လည်ဖွင့်လှစ်နိုင်မည့် အခြေအနေများနှင့် အမျိုးသားရေကူးကန်အား အများပြည်သူများ ရေကူးအားကစားဆောင်ရွက်နိုင်ရန်အတွက် စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်နှင့် ရေကူးကန်အားအဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။